ရုဒ်ဗန်နစ္စတယ်ရွိုင်းရဲ့ ယာယီနည်းပြဘဝ နောက်ဆုံးပွဲဟာ လှပတဲ့နိုင်ပွဲနဲ့ ပိတ်သိမ်းခဲ့ပြီး ရုဒ်ကို ယူနိုက်တက်နည်းပြတွေထဲမှာ နိုင်ပွဲရာခိုင်နှုန်းအကောင်းဆုံးနည်းပြ ဖြစ်လာစေတယ်။ Small sample size ဆိုတဲ့ ဝေါဟာရသာ ဖယ်လိုက်မယ်ဆိုရင် ဒါဟာ အင်မတန်ပျော်ရွှင်ဖို့ကောင်းတဲ့ အခိုက်အတန့်တစ်ခုပါပဲ။ ဟန်းနီးမွန်းကာလလို့ ခေါ်ဆိုနိုင်မယ် ထင်ပါရဲ့။ နစ္စတယ်ရွိုင်းနှင့်အတူ ပျားရည်ဆမ်းဟန်နီးမွန်းကာလတစ်ခုပေါ့။ မတူညီတဲ့ အသင်းကို မြင်ရတယ်။ ပျော်ရွှင်နေတဲ့၊ တက်ကြွနေတဲ့ အသင်းကို မြင်ရတယ်။ ဒီအသင်းနဲ့အတူ နိုင်ပွဲတွေ ဆက်တိုက်ရယူတယ်။ ခိုင်မာမှု၊ ရှင်းလင်းမှုကို တွေ့ရတယ်။ လက်စတာကို ၃ ဂိုးသွင်းတာက ထူးခြားတဲ့ ကိစ္စမဟုတ်ပေမဲ့ ယူနိုက်တက် ကစားသွားတဲ့ တည်ငြိမ်မှုနဲ့ ပေါ့ပေါ့ပါးပါးရှိမှုတို့ကတော့ အသိအမှတ်ပြုရမယ့်အဆင့်မှာ ရှိပါတယ်။
ဒီပွဲမှာလည်း ဦးဆောင်ဂိုးကို မထင်မှတ်ဘဲ စရတယ်။ စောစောစီးစီးလည်း ဖြစ်တယ်။ ဂိုးဝင်နိုင်ခြေများတဲ့ ကန်ချက်တော့ မဟုတ်ပေမဲ့ ကံလိုက်နေတဲ့အချိန်မျိုးမှာတော့ ဂိုးတတ်တာပါပဲ။ ဒါပေမဲ့ ကံက အလကားတော့ မလိုက်ဘူး မစပ်ပါဘူး။ စိတ်ကြည်လင်နေချိန်၊ အေးဆေးပေါ့ပါးနေချိန်၊ ယုံကြည်မှုထွန်းကားနေချိန်တွေမှာ ကံလိုက်ခြင်း ဖြစ်ပါတယ်။ အားထုတ်မှုကောင်းတွေ ရှိနေချိန်မှာ ကံလိုက်ခြင်း ဖြစ်ပါတယ်။ ယူနိုက်တက်ရဲ့ ဦးဆောင်ဂိုးမှာ ဒီအချက်တွေကို မြင်ရမှာပါ။ ဒီဂိုးကို မြစ်ဖျားခံတာက အာမတ်ရဲ့ Ferocious pressing ဖြစ်တယ်။ လက်စတာနောက်ခံလူ ရရှိလုနီးပါးဖြစ်နေတဲ့ ဘောလုံးကို အာမတ်က အသည်းအသန် ဝင်လုခဲ့ပြီး အန္တရာယ်ရှိတဲ့ ထိုးဖောက်မှုဖြစ်အောင် အသက်သွင်းခဲ့ပါတယ်။ အဲဒီကနေမှ လက်ပစ်ဘော ဖြစ်သွားတယ်။ လက်ပစ်ဘောကနေ ဘရူနို−အာမတ် One-two ရိုက်ပြီး ဘရူနိုဖာနန်ဒက်စ်က ထောင့်ဖြတ်အပြင်းကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ အာမတ်ရဲ့ နောက်ပေါက်၊ ဘရူနိုရဲ့ ကန်ချက် လှုပ်ရှားမှုအားလုံးက လှပခဲ့တဲ့ ဂိုးပါ။
ဦးဆောင်ဂိုး ရဖို့က ယူနိုက်တက်လို တည်ဆောက်ဆဲအသင်းတစ်သင်း၊ ဖိအားများတဲ့ အသင်းတစ်သင်းအတွက် အင်မတန် အရေးကြီးတယ်။ နစ္စတယ်ရွိုင်းရဲ့ ၄ ပွဲစလုံးမှာ ယူနိုက်တက်ဟာ ဦးဆောင်ဂိုးတွေ ရခဲ့တာကို မြင်နိုင်ပြီး ဒါဟာ အသင်းအတွက် တည်ငြိမ်မှုတစ်ခုကို ပေးပါတယ်။ ဘရူနိုရဲ့ ဂိုးပြီးနောက်မှာလည်း ယူနိုက်တက်က ပွဲကို ငြိမ်အောင် ကိုင်ထားနိုင်ခဲ့တယ်။ ပေးပို့မှုတွေနဲ့ ပွဲကို Control လုပ်၊ ချုပ်ကိုင်မောင်းနှင်ကစားတာမျိုး မဟုတ်ပေမဲ့ ယူနိုက်တက်ဟာ ဖိသင့်တဲ့နေရာ ဖိ၊ ဖော့သင့်တဲ့နေရာ ဖော့ . . အလိုက်သင့်ကလေး ပွဲကို တည်ငြိမ်အောင် လုပ်ထားနိုင်ခဲ့တယ်။ နစ္စတယ်ရွိုင်းရဲ့ အသင်းမှာ အရေးပါတဲ့ ဒီအချက်ပဲ။
ကိုယ်က တစ်ဖက်သတ် ချုပ်ကိုင်ထားနိုင်တာမျိုး မဟုတ်ပေမဲ့ ပြိုင်ဘက်ကိုလည်း ချုပ်ကိုင်ခွင့် မပေးလိုက်ဘူး။ ပွဲကို ဟန်ချက်တစ်ခုမှာ ထိန်းထားနိုင်တယ်။ မန်စီးတီး၊ လီဗာပူးလ်တို့လို Control မျိုး ရရှိဖို့အတွက် ယူနိုက်တက်ရဲ့လူစာရင်း မလုံလောက်သေးတာကို နားလည်လက်ခံပြီး ဖြစ်သင့်တဲ့ချဉ်းကပ်မှုတစ်ခုကို အဖြေရှာထားပုံပေါ်တယ်။ ကက်စီမီရိုနဲ့ အူဂါတေ ကွင်းလယ်အတွဲက Passing master တွေ Metronomic controller တွေ မဟုတ်ကြတဲ့အတွက် ဒီချဉ်းကပ်ပုံက အသင်းနဲ့ ပိုလိုက်ပါတယ်။ တစ်ချိန်တည်းမှာ ခံစစ်အားသန်တဲ့ နှစ်ယောက်ဖြစ်ကြတဲ့အတွက် ယူနိုက်တက်ရဲ့ အစဉ်အဆက်ပြဿနာဖြစ်နေတဲ့ ကွင်းလယ်ဗဟို တိုးလျိုပေါက်ကြီးကို ပိတ်ဆို့အောင် လုပ်နိုင်လိုက်တယ်။
ကက်စီမီရိုက အထိုင်ပိုဆန်ပြီး အူဂါတေက အရွေ့ကစားတယ်။ နှစ်ဦးစလုံးရဲ့ ခံစစ်ပိုင်းအရည်အသွေးက ထိပ်ဆုံး(သို့မဟုတ်)ထိပ်ဆုံးအဆင့်နီးနီးမှာ ရှိနေကြတာဖြစ်လို့ မြင်နေကျ ကွင်းလယ်အပေါက်တွေ စေ့သွားတယ်။ အူဂါတေရဲ့ Work Rate ကလည်း ကြောက်စရာကြီး။ ဘယ်ကစားသမားရဲ့ နောက်ကိုမဆို အရိပ်လိုလိုက်နေပြီး ဘယ်သူ့ကိုမှ လွယ်လွယ်နဲ့ ကျော်ဖြတ်ခွင့် မပေးဘူး။ လိုအပ်ရင် ပြင်းပြင်းထန်ထန် ဖျက်ထုတ်ပစ်တယ်။ ဒါက ကက်စီမီရိုရဲ့ ဇရာအားနည်းချက်ကို ဖြည့်ဆည်းပေးလိုက်ပြီး သူတို့အတွဲဟာ စည်းကမ်းပြည့်ဝတဲ့၊ အလုပ်ကြိုးစားမှုပြည့်တဲ့ ကွင်းလယ်ဖြစ်လာတယ်။ ဒီအချက်ကြောင့် ရှေ့ရော နောက်ရော ပိုအဆင်ပြေသွားတယ်။ ခံစစ်မှူးတွေအနေနဲ့ ပြိုင်ဘက်တိုက်စစ်ကို တိုက်ရိုက်မရင်ဆိုင်ရတော့ဘူး။ တိုက်စစ်ကစားသမားတွေလည်း ဘယ်ပြေးကပ်လို့ ကပ်ရမှန်း မသိ မဖြစ်တော့ဘဲ ဟန်ချက်ညီတဲ့ ရှေ့−လယ်−နောက် ခံစစ်တစ်ခု ပုံပေါ်လာတယ်။ အကောင်းဆုံးပုံစံ မဟုတ်သေးပေမဲ့ အသင်းတစ်သင်းရဲ့ အလုပ်လုပ်ပုံ ပီသလာတယ်။
ဒါကြောင့် လက်စတာဘက်ကို အခွင့်အရေးကောင်းတွေ မပေးရသလောက် ဖြစ်သွားပါတယ်။ အခွင့်အရေးတွေ မပေးရတော့ ယုံကြည်မှု ပိုတက်လာတယ်။ နောက်ကျောပိုလုံလာတယ်။ စိတ်ပိုင်းဆိုင်ရာအဆီးအတားတွေ လျော့သွားပြီး ကစားသမားတွေဟာ ကိုယ်လုပ်ရမယ့်အလုပ်ကို ပိုအာရုံစိုက်လာနိုင်တယ်။ ဘရူနိုဖာနန်ဒက်စ်ကိုပဲ ဥပမာကြည့်ပါ။ သူ့အနေနဲ့ ကိုယ့်လူကိုယ်စိတ်မချလို့ ဟိုပြေးလိုက် ဒီပြေးလိုက် လုပ်စရာ မလိုတော့ဘူး။ စိတ်အေးအေး စိတ်ရှင်းရှင်းနဲ့ သူ Drive လုပ်ရမယ့်အပိုင်းတွေကို ပိုအာရုံစိုက်ခွင့်ရလာတယ်။ ဒါက နည်းဗျူဟာပိုင်းဆိုင်ရာ ဆိုတာထက် စိတ်နဲ့ဆိုင်တဲ့ သဘောတစ်ခုပါပဲ။ အလုပ်လုပ်ဖူးသူတိုင်း (သို့မဟုတ်) ကျောင်းသားဆိုရင်လည်း Group project လုပ်ဖူးသူတိုင်း နားလည်ကြလိမ့်မယ်။ ကိုယ့်အသင်းမှာ စိတ်မချရတဲ့ လူ (သို့မဟုတ်) ကိစ္စတစ်ခုခုရှိရင် အဲဒါက စိတ်ကို တထင့်ထင့်ဖြစ်စေပြီး စွမ်းဆောင်ရည်ကို ကျဆင်းစေတယ်။ ယူနိုက်တက်ရဲ့ ပြဿနာတွေထဲကတစ်ခုက အဲဒါပါ။ အခုတော့ အဲဒီအပိုင်းတွေမှာ တိုးတက်လာတယ်။
ယူနိုက်တက်ရဲ့ နောက်ထပ်ဂိုးတွေက အဲဒီလို စိတ်ပေါ့ပါးနေခြင်းကြောင့် လွယ်လွယ်ကူကူ ရလာတာ ဖြစ်ပါတယ်။ ဘယ်ခြမ်းတိုက်စစ်က ပုံစံမှန်မှန်နဲ့ အသက်ပြန်ဝင်လာခြင်းကြောင့်လည်း ပါတယ်။ ဒီအတွက် တာဝန်ရှိသူကတော့ မက်ဇ်ရာအိုအီလို့ ပြောရမယ်။ သူ့ရဲ့ Overlap ရော Underlap ရောက ဟန်ချက်ညီညီနဲ့ အသင်းကို ကူညီပေးတယ်။ တိုက်စစ်လိုက်ပါလာချိန်မှာလည်း ဖြတ်တင်ဘောတွေနဲ့ ဒုက္ခပေးတဲ့အပြင် တချို့အချိန်တွေမှာ Zone 14 လို ပယ်နယ်တီဧရိယာထိပ်နားတွေအထိ နေရာယူပြီး လူဖြည့်ပေးပါတယ်။ ဒီလိုမျိုး နေရာယူပုံတွေကြောင့် တခြားကစားသမားတွေလည်း ပိုလွတ်တယ်။ ကစားပုံကို ခန့်မှန်းလို့မရတဲ့ အတွက် ပြိုင်ဘက်တွေ ကစားရတာခက်ပြီး ဘယ်ခြမ်းမှာ ပေါင်းကစားတဲ့ ရပ်ရှ်ဖို့ဒ်၊ ဘရူနိုတို့အတွက်လည်း လုပ်ရပိုလွယ်စေတယ်။ ဒုတိယဂိုးကတော့ သူ့ရဲ့ လှပတဲ့ ဖြတ်တင်ဘောကနေ တစ်ဆင့် ဘရူနို အပိုင်ခေါင်းတိုက်ခွင့်ရပြီး ခေါင်းတိုက်တာ ချော်သွားပေမဲ့ ဘရူနိုရဲ့ ပေါင်နဲ့ထိ၊ ခရစ္စတီယန်ဆင်နဲ့ ထပ်ထိပြီး ဂိုးရသွားခြင်း ဖြစ်ပါတယ်။ ပထမပိုင်းပြီးခါနီး အာမတ် တစ်လုံးလွတ်သွားသေးပေမဲ့ ဂိုးတော့ မဖြစ်လာခဲ့ဘူး။
ဒုတိယပိုင်းမှာလည်း ယူနိုက်တက် ဒီဖက်ရှင်နဲ့ သိပ်မကွဲပြားလှဘူး။ ပွဲကို ဟန်ချက်တစ်ခုမှာ ထိန်းထားတယ်။ ပြိုင်ဘက်ကို သိပ်မလွတ်အောင် ကိုင်ထားပြီး ကိုယ်ကလည်း သိပ်မလွတ်ဘူး။ ဒါပေမဲ့ ကိုယ့်ဘက်က အခွင့်အရေးရချိန်မှာ အရည်အသွေးမြင့်တဲ့ ကစားသမားတွေ ဖြစ်တာကြောင့် အခွင့်အရေးတွေ ပိုကောင်းသွားတယ်။ ဒီလိုနဲ့ ဂိုးသွင်းခွင့်တချို့ ထပ်မံဖန်တီးနိုင်ခဲ့တယ်။ မှတ်မှတ်ထင်ထင် ဖြစ်နေမှာက အူဂါတေ လှပစွာ ခင်းပေးလိုက်တဲ့ ဘောလုံးကို ဂါနာချို လွတ်လွတ်ကျွတ်ကျွတ် ပြေးခွင့်ရတဲ့ ဖြစ်ရပ်ပါပဲ။ ဂါနာချို လျှပ်စီးလို အမြန်နှုန်းနဲ့ တိုက်စစ်ဆင်ခဲ့ပေမဲ့ ဂိုးရှေ့ရောက်မှ မှောက်လျက်လဲသွားခဲ့တယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ လှပတဲ့ ဂိုးတစ်ဂိုး ဂါနာချို သွင်းယူခဲ့ပါတယ်။ ကန်သွင်းသွားပုံက တော်တော်လေး အဆင့်မြင့်တယ်။ ဂိုးသွင်းပြီး ဂါနာချိုက အောင်ပွဲမခံခဲ့ဘူး။ ပွဲအပြီးမှာ ဘရူနိုက ဒီပုံစံအတွက် ကာကွယ်ဖေးမပြီး ပြောကြားဖြေရှင်းပေးသွားတယ်။
ဒါပေမဲ့ ဘရူနို ဘာပြောပြော ဂါနာချိုကို ဒီအတိုင်း မြင်ရတာက အဆင်မပြေပါဘူး။ ပတ်ဝန်းကျင်ရဲ့အသံတွေကို ဂရုထားနေတယ်ဆိုတဲ့ အဓိပ္ပာယ်ကို ရပါတယ်။ အသက် ၂၀ အရွယ်ပဲ ရှိသေးလို့ ရင့်ကျက်မှုလိုနေသေးတာ မှန်ပေမဲ့ အဲဒီလို ညဉ်မျိုးရှိတယ်ဆိုရင် သူ့ပါရမီနဲ့ လျော်ညီတဲ့ အဆင့်အတန်းဆီ တက်ဖို့ ခက်ပါတယ်။ ဘယ်သူ့ကိုမှ ဂရုမထားတဲ့ စိတ်ဓာတ်မျိုးနဲ့ ဘောလုံးကစားနိုင်မှ ဒီနေ့ခေတ်မှ တော်ကာကျပါတယ်။ တစ်လုံးသွင်းလို့ မဝင်ရင် နောက်တစ်လုံးမှာ ဝင်ပါလိမ့်မယ်၊ ဆွဲပြေးတာ တစ်ကြိမ် မလွတ်ရင် နောက်တစ်ကြိမ်မှာ လွတ်ပါလိမ့်မယ်။ သင်ယူရင်း တိုးတက်နေဖို့ပဲ လိုအပ်တာဖြစ်ပြီး အသံတွေကို ဂရုစိုက်ခြင်းက ကိုယ့်ကို ဆွဲချနိုင်စွမ်း မြင့်ပါတယ်။ ဒါဝင်နူးညက်ဇ်ဟာ ပြင်ပအသံတွေရဲ့ သက်ရောက်မှုကြောင့် လောင်းရိပ်မိနေတဲ့ ကစားသမားဖြစ်ပြီး အာလင်းဟာလန်းဟာ ပြင်ပမှာ ဘာတွေ ပြောနေပါစေ၊ ဘာသက်ရောက်မှုမှ မခံရတဲ့ ကစားသမား ဖြစ်ပါတယ်။ စိတ်ဓာတ်နဲ့ တုံ့ပြန်ပုံကွာခြားမှုက ဘယ်လိုကစားသမား ဖြစ်လာမယ်ဆိုတာကို ပြဌာန်းပေးပါတယ်။ ဝေးဝေး မကြည့်ဘဲ၊ သူ့ဘေးက ရပ်ရှ်ဖို့ဒ်ကို ကြည့်ရင်တောင် ဒီအချက်ကို မြင်နိုင်ပါလိမ့်မယ်။
ဘာပဲဖြစ်ဖြစ် ယူနိုက်တက်ရဲ့ ဒီနိုင်ပွဲက အပေါင်းလက္ခဏာများစွာနဲ့ လွှမ်းခြုံခဲ့ပြီး နစ္စတယ်ရွိုင်းကို လွမ်းနေရမယ့် ဟန်းနီးမွန်းကာလတစ်ခု ဖြစ်ခဲ့တာတော့ သေချာပါတယ်။ အလုံးစုံပျက်ယွင်းသလို ဖြစ်နေတဲ့ ဖိအားအပြည့်နဲ့ အသင်းကို နစ္စတယ်ရွိုင်းက ပြန်တည့်မတ်ပေးနိုင်ခဲ့ပါတယ်။ လက်ရှိမှာ အဆင့် ၁၃ နေရာမှာပဲ ရှိနေသေးပေမဲ့ အဆင့် ၄ နေရာနဲ့က ၄ မှတ်ပဲ ကွာတာပါ။ ဒီပုံစံအတိုင်းသွားနိုင်ရင် အချိန်တန်တဲ့အခါ ဇယားရဲ့ ထိပ်ပိုင်း၊ ချန်ပီယံလိဂ်ဝင်ခွင့်နေရာတွေကို စိန်ခေါ်မယ့် အဆင့်တွေဆီ ပြန်ချီတက်နိုင်ဖို့ ရှိပါတယ်။ နစ္စတယ်ရွိုင်းကတော့ သူကိုင်တွယ်စဉ်မှာ အဲဒီလမ်းကြောင့်ပေါ် ပြန်တင်ပေးနိုင်ခဲ့ပါပြီ။ ခရီးဆက်ချီတက်ရဖို့ပဲ ကျန်ပါတော့တယ်။
Subscribe





