မန်နေဂျာဟောင်း မော်ရင်ညို၊ ကစားသမားဟောင်း ဖရက်ဒ်၊ အမ်ရာဘတ်တို့နဲ့ ပြန်လည်ဆုံတွေ့ခဲ့တဲ့ ယူရိုပါညချမ်းဖြစ်ခဲ့ပြီး ယူနိုက်တက်ဟာ သရေတစ်မှတ်နဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။ ယူရိုပါလိဂ်မှာ ၃ ပွဲကစား၊ ၃ ပွဲသရေနဲ့ နိုင်ပွဲမရရှိသေးတာက အသင်းရဲ့အခြေအနေမှန်ကို ပြတယ်။ ကစားခဲ့ရတဲ့ ၃ သင်းက တွမ်တီး၊ ပေါ်တို၊ ဖီနာဘာချီတို့ဖြစ်ပြီး သူတို့ရဲ့သက်ဆိုင်ရာလိဂ်တွေမှာတောင် ခြေမှန်နေတဲ့ အသင်းတွေ မဟုတ်ပါဘူး။ ဒီသရေပွဲကြောင့် ယူနိုက်တက်ဟာ ဥရောပမှာ နိုင်ပွဲမရတာ တစ်နှစ်ဆိုတဲ့ အချိန် ရှိလာခဲ့ပြီ ဖြစ်တယ်။ ရလဒ်ကို ဦးစားပေးတဲ့ အဲရစ်တန်ဟက်ဂ်ရဲ့ နည်းဗျူဟာပိုင်းကတော့ ဒီပွဲလိုမျိုး ရလဒ်ပါ မရခဲ့တဲ့အချိန်မှာ ကြည့်ရတာ ရုပ်ပျက်ဆင်းပျက်ဖြစ်လွန်းခဲ့ပါတယ်။
ထုံးစံအတိုင်း တစ်ပွဲမဟုတ် တစ်ပွဲ လှုပ်လှုပ်ခတ်ခတ်ကလေး ဖြစ်မှ ကျေနပ်တဲ့ ယူနိုက်တက်အနေနဲ့ ဒီပွဲမှာလည်း ပွဲမတိုင်ခင်ကတည်းက ဂယက်ထနေခဲ့ပါတယ်။ မက်ဇ်ရာအိုအီကို No.10 Role ထားကစားမယ်ဆိုတဲ့ သတင်းနဲ့ပါ။ တကယ်တမ်းမှာလည်း မက်ဇ်ရာအိုအီက No.10 Role အဖြစ် ကစားလာခဲ့တယ်။ မက်ဇ်ရာအိုအီဟာ ဒီပုံစံကို အတိုင်းအတာတစ်ခုအထိ အဆင်ပြေအောင် ကစားနိုင်တာ သံသယဝင်ဖွယ် မရှိပါဘူး။ ဒါပေမဲ့ ဒီဆုံးဖြတ်ချက်ကို မှန်တယ်လို့လည်း ပြောလို့မရဘူး။ ထွေထွေထူးထူး ကောင်းကျိုး မမြင်ခဲ့ရဘဲ Hot news အဖြစ်လောက်သာ အဓိပ္ပာယ်ရှိတဲ့ အသုံးပြုမှု ဖြစ်ပါတယ်။
ဒီပွဲမှာ ယူနိုက်တက်ရဲ့ ကစားဟန်က ဆိုးဆိုးရွားရွားပါ။ ပွဲ ကစားနေတဲ့ ရည်ရွယ်ချက်ကိုက ရလဒ်ကောင်းရေး တစ်ခုတည်းနဲ့သာ ဖြစ်ပြီး ကစားပုံတိုးတက်မှု၊ ကစားကွက်တည်ဆောက်မှုအပိုင်းအတွက် အာရုံမပါဝင်ပါဘူး။ လျင်မြန်တဲ့ တွဲလုံးကနေ ဦးဆောင်ဂိုး ရသွားလိုက်တော့ ပိုဆိုးသွားတယ်။ ယူနိုက်တက်ဟာ ခံစစ်ပိတ်ကစားနေခဲ့ပြီး ကစားသမားတွေရဲ့ နေရာယူပုံ၊ လုပ်ဆောင်ပုံတွေဟာ Deep ဖြစ်လွန်း၊ ခံစစ်စိတ်ယိုင်လွန်းပါတယ်။ စနစ်တကျ ခံစစ်ပိတ်ကစားနေတာလားဆိုတော့ အဲဒီလိုလည်း မဟုတ်ပြန်ဘဲ ဟိုစပ်စပ် ဒီစပ်စပ် ပုံစံမျိုးကို မြင်ရတယ်။
ပထမပိုင်းမှာ ဖီနာဘာချီက ဘောလုံးပိုင်ဆိုင်မှု ၆၀ ကျော်နေခဲ့တဲ့ အချိန်တွေ ရှိတယ်။ ဒါဟာ မော်ရင်ညိုရဲ့ အသင်းပါ။ မော်ရင်ညိုရဲ့အသင်းက၊ ကိုယ့်ထက် ပိုအားနည်းတဲ့အသင်းက ဒီလို ဖိကစားတာ ခံရတယ်ဆိုရင် အသင်းရဲ့ ဦးတည်ချက် လွဲနေပါပြီ။ မော်ရင်ညိုလိုမျိုး ခံစစ်စိတ်ယိုင်ပြီး ရလဒ်အသားပြုတဲ့ နည်းပြထက်တောင် တန်ဟက်ဂ်က ပိုပြီး ရလဒ်အသားပြုဖို့ ကြိုးစားနေတယ်ဆိုတဲ့ အဓိပ္ပာယ်ကို ဆောင်ပါတယ်။ ကျကျနန ကစားကွက် တည်ဆောက်နေတယ်ဆိုတာ မြင်တောင် မမြင်လိုက်ရဘူး။ ပွဲအခြေအနေရဲ့ ခေါ်ဆောင်ရာအတိုင်းသာ မီးစင်ကြည့်ကနေခဲ့ကြတယ်။
ဖီနာဘာချီရဲ့ တချို့သော ထိုးဖောက်မှုတွေမှာ ယူနိုက်တက် အလဲလဲအပြိုပြိုပဲ။ အိုနာနာရဲ့ Double saves ကတော့ ပြောရလောက်အောင် ကောင်းခဲ့တယ်။ ခေါင်းတိုက်ချက် ၂ ကြိမ်ကို လှလှပပ ကာကွယ်သွားတာ တော်တော်လေးကောင်းတဲ့ Reflexes တွေကြောင့်ပါ။ ဒါပေမဲ့ ဒုတိယပိုင်းအစမှာ အန်နက်ဆရီပဲ နောက်တစ်ကြိမ် အနီးကပ်တိုက်သွင်းသွားတဲ့အခါ ဘာမှမတတ်နိုင်တော့ပါဘူး။ အိုနာနာက သူ့ရဲ့ ကာကွယ်မှုတွေမကလို့ ဘာပဲ လုပ်နိုင်ပါစေ၊ အသင်းနိုင်ပွဲမရရင် အလကားပါပဲလို့ ပြောတယ်။ အဲဒီ သဘောအတိုင်းပါပဲ။ ခက်ခဲတဲ့ ကာကွယ်မှုတွေ လုပ်နေရတယ်ဆိုတာ အဲဒီလိုဖြစ်အောင် ခွင့်ပြုခဲ့ရလို့ပါ။ ဒီအတွက် ခံစစ်ကစားတဲ့သူတိုင်းမှာ တာဝန်ရှိပါတယ်။
ယူနိုက်တက်မှာ Structure ဆိုတာတဲ့အရာ မြင်ကို မမြင်ရဘူး။ တိုက်စစ် ကစားတော့လည်း အဆင်ပြေသလို ကြည့်ကစားလိုက်တာပဲ။ ခံစစ်ကစားတော့လည်း အဆင်ပြေသလို ကြည့်ကစားနေတာပဲ။ ဖီနာဘာချီကလည်း အဲဒီလိုအသင်းမျိုး ဖြစ်နေတဲ့အခါ ပွဲက ကြည့်ရတာ အဆင့်တော်တော်နိမ့်သွားတယ်။ မော်ဒန်ခေတ်ဘောလုံးပွဲတစ်ပွဲ ဖြစ်ပြီးတော့ High-press, hard press တွေ ရှားပါး၊ စနစ်ကျတဲ့ Bulid-up နဲ့ Progression တွေ မမြင်ရ၊ ဘောလုံးလှည့်ပတ်မှု Ball circulation တွေက မီးကျိုးမောင်းပျက် . . အဆင်ပြေသလို ကြည့်ကစားသွားခဲ့ကြတာပါ။ ဘုန်းမောက်နဲ့ ဘရိုက်တန် ကစားရင်တောင် ဒီထက် ပိုစိတ်ဝင်စားဖို့ ကောင်းတယ်။
ရေတိုရလဒ်တွေကို ဖြည်းဖြည်းချင်း စုဆောင်းသွားပြီး အသင်းကို တည်ဆောက်နိုင်ရင်လည်း လက်တွေ့အမြင်အားဖြင့် ကောင်းပါတယ်။ ဒါပေမဲ့ အဲဒီလိုဖြစ်ဖို့အတွက် နိုင်ပွဲတွေတော့ လိုတယ်။ ကစားကွက်ဆိုင်ရာ တိုးတက်မှုကို ဘေးပစ်ပြီး ဆေးမြီတိုကစားပုံနဲ့ ကစားမယ်ဆိုရင် နိုင်ပွဲရဖို့ အထူးလိုအပ်တယ်။ မဟုတ်ရင် ဆိုးကျိုးနှစ်ဆ ခံရပါတယ်။ တိုးတက်မှုလည်း မရှိ၊ ရလဒ်လည်း မကောင်းဆိုတာ မိအေးနှစ်ခါနာပါ။
ဒီပွဲမှာ မက်ဇ်ရာအိုအီကို No.10 Role အဖြစ်သုံးတာ တကယ်တော့ Passive အမြင် ဖြစ်ပါတယ်။ သူက ပုံမှန် No.10 Role တစ်ဦးလို ကစားတာ မဟုတ်ဘဲ အသင်းရဲ့ Pressing အတွက် ပါဝင်ခြင်း၊ ခံစစ်ကို ကူပေးခြင်း၊ သာမန်ပေးပို့မှုများနဲ့ ချိတ်ဆက်ပေးခြင်းကိုပဲ လုပ်ဆောင်သွားတာပါ။ ဒီလိုပွဲမျိုးကို တိုက်စစ်အားသန် ၄ ဦးနဲ့ ကစားဖို့ မဖြစ်နိုင်ဘူးလို့ တန်ဟက်ဂ် ပြောသွားသလိုပဲ Defensive force တစ်ခု ထည့်လိုက်တာသာ ဖြစ်ပါတယ်။ နောက်တော့လည်း လင်ဒီလော့ဖ်ထုတ် ကက်စီမီရိုထည့်ပြီး ပုံမှန်ဖွဲ့စည်းပုံဆီ ပြန်သွားခဲ့တာပါပဲ။ တန်ဟက်ဂ်က ရေတိုနည်းလမ်းတစ်ခု လိုအပ်လာပြီဆိုရင် အခုလို အံ့အားသင့်စရာ Position အသုံးပြုမှုတွေ လုပ်လေ့ရှိတယ်။ အီဗန်စ်ကို သုံးတာ၊ ရပ်ရှ်ဖို့ဒ်ကို ညာတောင်ပံ ပို့ပစ်လိုက်တာတွေကို ဒီရာသီမှာ မြင်ခဲ့ရသလို၊ အရင်ကလည်း ဗက်ဟို့စ်ကို No.10 ဆန်ဆန် သုံးတာ၊ ဘရူနိုကို False 9 သုံးတာ၊ မက်တော်မနေးကို တိုက်စစ်မှူးပုံစံ၊ အမ်ရာဘတ်ကို ခံစစ်အစွန်မှာ သုံးတာမျိုးတွေ မြင်ရဖူးပါတယ်။ မြင်ခဲ့ရသလောက် ရေရှည်အလုပ်ဖြစ်တာ တစ်ခုမှ မရှိပါဘူး။ မက်ဇ်ရာအိုအီကလည်း ဒီသဘောအတွက် သက်သေတိုးပေးတဲ့ သဘောလို့ မြင်မိတယ်။
အဲရစ်ဆင်ကတော့ ယူနိုက်တက်ရဲ့ မသုံးမဖြစ်၊ မရှိမဖြစ် မဏ္ဍိုင်တစ်ခု ဖြစ်လာတယ်။ သွင်းသွားတဲ့ ဂိုးမှာ တည်ဆောက်ခဲ့တဲ့ မြစ်ဖျားက သူ ဖြစ်တဲ့အပြင် ဂိုးသွင်းတော့လည်း တိုင်မင်မှန်ကန်စွာ လိုက်ပါလာပြီး သပ်ရပ်လှပစွာ သွင်းယူခဲ့ပါတယ်။ နောက်မကြာခင် ရပ်ရှ်ဖို့ဒ် လွတ်သွားတဲ့အကြိမ်မှာလည်း သူ့ရဲ့ Progression က အလွန်ကောင်းခဲ့တယ်။ ရပ်ရှ်ဖို့ဒ်လည်း လှလှပပ လိမ်ခေါက်ကန်သွင်းပေမဲ့ ကပ်လွဲသွားတယ်။ တကယ်လို့ ဒီဂိုး ဝင်သွားရင်တော့ အခြေအနေက တစ်မျိုး ဖြစ်သွားနိုင်ပါတယ်။ ဒါပေမဲ့ ဒါကိုက Individual အပေါ် မှီခိုထားခြင်း၊ Moment ဆိုတဲ့ အခိုက်အတန့်အပေါ် မှီခိုထားခြင်းကို ပြပါတယ်။ နောက်ထပ်သက်သေတွေ ဖြစ်ပါတယ်။
ကွင်းလယ်မှာ အူဂါတေ ကစားသွားတာလည်း အဆင်ပြေပါတယ်။ Duel monster တစ်ဦးဖြစ်တာကို ထင်ရှားစွာ မြင်ရတယ်။ တစ်ဦးချင်းလုယူမှုတွေ တော်တော်ကောင်းတယ်။ Ball carries တွေ အဆင်ပြေပြီး၊ ကစားကွက်တည်ဆောက်မှုမှာလည်း ပါဝင်နိုင်တယ်။ ဒါပေမဲ့ ပေးပို့မှုအပိုင်းမှာ လိုသေးတယ်။ ဒါက နည်းပြရဲ့ ခိုင်းစေမှု၊ သူ့ကို ဝန်းရံထားတဲ့ ကစားသမားတွေရဲ့ ကစားကွက်တည်ဆောက်မှုနဲ့လည်း ဆိုင်ပါတယ်။ ပုံမှန်ကစားကွက်အတိုင်း လီချာ၊ ဒါလိုတို့ ဘေးကရံထားမယ်ဆိုရင်၊ ဘရူနိုလည်း ပါမယ်ဆိုရင် ဒီအချက်က အဆင်ပြေလာနိုင်မယ့်အချက်အဖြစ် မြင်ရတယ်။ ဒီပွဲက ရလိုက်တာတော့ ဒါ အကုန်ပဲ။ ဒါကြောင့် ယူနိုက်တက်ရဲ့ ဆိုးရွားတဲ့စွမ်းဆောင်ရည်အဖြစ် သတ်မှတ်ရမယ့် နောက်ထပ်တစ်ပွဲ ဖြစ်လာပါတယ်။
အန်တိုနီ ဒဏ်ရာရသွားတာကတော့ စိတ်မကောင်းစရာပဲ။ ဒီကစားသမားက အသင်းအတွက် ခြေစွမ်းကောင်းတွေ မပေးနိုင်သေးပေမဲ့ ကြိုးကြိုးစားစားတော့ အလုပ်လုပ်တဲ့သူပါ။ အာမတ်ဒီယာလိုက ပိုကောင်းနေပေမဲ့ အန်တိုနီကို ထည့်သုံးတာ သူ့အလုပ်ကြိုးစားမှုအတွက် ဆုပေးတာလို့ တန်ဟက်ဂ်လည်း ပြောသွားတယ်။ ကံဆိုးချင်တော့ ဒဏ်ရာရသွားတယ်။ ယူနိုက်တက်ကစားသမားဟောင်း အမ်ရာဘတ်က ဖီနာဘာချီကစားသမားဖြစ်နေလင့်ကစား တခုတ်တရ တသီးတသန့် အားပေးနေတာကို မြင်ရတာ စိတ်ကျေနပ်ဖို့ ကောင်းပါတယ်။ ဒါပေမဲ့ အမ်ရာဘတ်နဲ့ယှဉ်ကြည့်ရင် ထမ်းစင်နဲ့တောင် ထမ်းထုတ်လိုက်ရတဲ့ ကိုယ့်အသင်းဖော်ကို ယူနိုက်တက်ကစားသမားတွေက အာရုံတောင် သိပ်မရှိသလိုပဲ။ အမ်ရာဘတ်ကတော့ တတွတ်တွတ်နဲ့ အားပေးနေရှာတာ။ အန်တိုနီက အသင်းအတွက် ခြေစွမ်းမပြနိုင်ရင်တောင် သတင်းထွက်နေသလို အသင်းပြောင်းဖို့၊ သို့မဟုတ် အငှားသွားကစားဖို့အတွက် ဒဏ်ရာကင်းစင်နေဖို့ လိုပါတယ်။ အခု ဒဏ်ရာရသွားပုံက ထမ်းစင်နဲ့ ထမ်းထုတ်၊ အကူအညီကိရိယာနဲ့ လမ်းလျှောက်ရတာဆိုတော့ ဒါဟာ သတင်းဆိုး ဖြစ်ပါတယ်။
နောက်ထပ်သတင်းဆိုးကတော့ ပေါ်တိုနဲ့ဖီနာဘာချီ အဝေးကွင်းခက်ခက် နှစ်ပွဲကို ကျွန်တော်တို့ မရှုံးခဲ့ပါဘူးလို့ Neutral ဆန်ဆန် ပြောသွားတဲ့ ဆရာတန်ဟက်ဂ်ပါပဲ။ တွမ်တီး၊ ပေါ်တို၊ ဖီနာဘာချီတို့နဲ့ ကစားပြီး သုံးမှတ်ပဲ ရတယ်ဆိုတာ တော်တော်ညံ့တယ်လို့ ပြောရမယ့် အခြေအနေ ဖြစ်ပါတယ်။ ဒီအမှန်တရားကို ပုန်းကွယ်လို့ မရနိုင်ပါဘူး။
Subscribe





