ခရစ္စတယ်ပဲလေ့စ် ၀−၀ မန်ယူနိုက်တက်
ပွဲပြီးသုံးသပ်ချက်
အဲရစ်တန်ဟက်ဂ်ဟာ ပွဲကို ပြောင်းပြန်လမ်းကြောင်းနဲ့ သွားခဲ့ပြီး ဖြစ်သင့်တာရဲ့ ပြောင်းပြန်ရလဒ်ကိုပဲ ရသွားခဲ့ပါတယ်။ ပထမပိုင်းမှာ အခွင့်အရေးတွေ ဖြုန်းတီးခဲ့မှု၊ ပဲလေ့စ်က ပိတ်ထားချိန်မှာ အသင်းရဲ့ ပလေးမိတ်ကာတွေကို ထုတ်ပြီး Explosiveness အားပြုကစားသမားတွေ အလုံးအရင်း ထည့်ကစားမှုတွေကြောင့် ယူနိုက်တက်ဟာ အမှတ်တွေ လွှင့်ပစ်ခဲ့ရတယ်။ လူတစ်ယောက် လူစားလဲလိုက်တိုင်း ပိုညံ့ညံ့သွားအောင် အဲရစ်တန်ဟက်ဂ်က စီမံပြခဲ့တယ်။ ပဲလေ့စ်ဟာ ဒီရာသီမှာ ခြေစွမ်းအယိမ်းယိုင်ဆုံး အသင်းတွေထဲမှာ ပါလို့ ယူနိုက်တက်အတွက် နစ်နာတဲ့ အမှတ်တွေ ဖြစ်ပါတယ်။ ပွဲမစခင် ပွဲထွက်လူစာရင်း ကြည့်ပြီး ရင်မောသွားတဲ့ ပရိသတ်တွေဟာ ပထမပိုင်းကစားပုံမှာ ရင်အေးသွားရပြီထင်ခဲ့ကြပေမဲ့ ဒုတိယပိုင်းရောက်တော့ ရင်ခံလိုက်ရပါတယ်။
စစကတည်းက ပွဲထွက်လူစာရင်းကို မြင်လိုက်တော့ အားလုံး အံ့သြသွားခဲ့ကြတာပါ။ ကာရာဘောင်ဖလားမှာ ပွဲချိန်ပြည့် ကစားခဲ့တဲ့ အသက် ၃၂ နှစ်အရွယ် အဲရစ်ဆင်ကို ဒီပွဲမှာလည်း ဆက်လက်သုံးစွဲခဲ့တယ်။ ဘာကြောင့် သုံးစွဲရတာလဲဆိုတဲ့ အဖြေကိုလည်း အဲရစ်ဆင်က သူ့ခြေစွမ်းနဲ့ ဖြေကြားသွားနိုင်ခဲ့ပါတယ်။ ယူနိုက်တက် ကွင်းလယ်က အဲရစ်ဆင်ရဲ့ ကစားပုံ၊ ကစားပေါက်မျိုးကို လိုအပ်နေပြီး သူ ပါဝင်လာခြင်းက မိန်နူးရော ဘရူနိုဖာနန်ဒက်စ်အတွက်ပါ လုပ်ရကိုင်ရ ပိုမိုကောင်းမွန်လာစေတယ်။ နောက်ထပ် အံ့အားသင့်စရာအချက်က ဂိုးတွေ ပြန်ရလာတဲ့ ရပ်ရှ်ဖို့ဒ်ကို ခေါက်ပြီး ဂါနာချိုကို သုံးခဲ့တာပါ။ ဒါကြောင့် အဲရစ်တန်ဟက်ဂ်က ပွဲထွက်လူစာရင်းကနေ စတင်ပြီး ပရိသတ်ကို လှုပ်ခတ်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ဒီသုံးစွဲမှုရဲ့၊ အထူးသဖြင့် အဲရစ်ဆင်ရဲ့ အကျိုးကျေးဇူးကိုတော့ ပထမပိုင်းမှာ ခံစားခဲ့ရတယ်။
ပထမပိုင်းခြေစွမ်းက ပွဲရဲ့ အစိတ်အပိုင်းမျိုးစုံမှာ ပိုင်နိုင်စွာ ထိန်းချုပ်ကစားနိုင်စွမ်းကို ပြသခဲ့ခြင်း ဖြစ်တယ်။ ပဲလေ့စ်အနေနဲ့ ကစားကွက်တည်ခွင့်တောင် မရသလောက်ပါပဲ။ ဖိအားပေးကစားတဲ့နေရာမှာ ဇစ်ခ်ဇေးက ဦးဆောင်ပြီး တိုက်စစ် ၃ ယောက်တန်းနောက်က ကွင်းလယ်ကစားသမား ၂ ယောက် (သို့) ၃ ယောက် ထောက်ထားတဲ့ပုံစံက အလုပ်ဖြစ်ခဲ့တယ်။ ပွဲချိန် ၃၆ မိနစ်မှာ ပရီးမီးယားလိဂ်က အချက်အလက်ပြသတော့ ပဲလေ့စ်ဟာ ယူနိုက်တက်ပယ်နယ်တီဧရိယာထဲ ဘောလုံးထိချက် မရှိဘူး။ အဲဒီအချိန်အထိ ကန်သွင်းချက်လည်း တစ်ကြိမ်မှ မလုပ်နိုင်ခဲ့ပါဘူး။ ယူနိုက်တက်ဟာ ပွဲကို အဲဒီလောက်အထိ ပထမပိုင်းမှာ ထိန်းချုပ်ထားနိုင်ခဲ့တယ်။
အခွင့်အရေးကောင်းတွေလည်း အများကြီး ရခဲ့ပါတယ်။ ဇစ်ခ်ဇေး Drop deep လုပ်ပြီး လှပစွာ မျှော်ထိုးပေးလိုက်တာကနေ ဂါနာချို လွတ်ထွက်သွားပြီး ကန်ထည့်ပေမဲ့ ယူနိုက်တက်ဂိုးသမားဟောင်း ဟန်ဒါဆန် ကာကွယ်နိုင်ခဲ့တယ်။ အဲဒီနောက်ပိုင်းမှာလည်း အဲရစ်ဆင်ရဲ့ ထောင့်ကန်ဘောကို ဒီလစ် အပိုင်ခေါင်းတိုက်တာ ဂိုးဝင်လုနီးနီးပဲ။ သိပ်မကြာဘူး ထောင့်ကန်ဘောကတစ်ဆင့် ရလာတဲ့ အခြေအနေကနေ အဲရစ်ဆင်ရဲ့ ဖြတ်တင်ဘောကို လီချာ ကန်သွင်းခဲ့ပြန်သေးတယ်။ ပွဲချိန် ၂၆ မိနစ်မှာလည်း ဒါလိုရဲ့ ခင်းပေးမှုကို ဂါနာချို ကန်သွင်းခဲ့ပြန်ပြီး တိုင်ထိခဲ့တယ်။ Rebound ကို ဘရူနို ကန်ထည့်တာလည်း မဝင်ဘူး။ ပထမပိုင်းပြီးခါနီး ဂါနာချို ပိတ်သွင်းခွင့် တစ်ကြိမ် ရခဲ့ပြန်သေးပေမဲ့ တိုင်မင် လိုသွားတယ်။ ယူနိုက်တက်တို့ ပထမပိုင်းတင် အခုလို အခွင့်အရေး ဗုံးပေါလအော မရတာ ကာလတစ်ခု ရှိသွားပါပြီ။
ဒီအတွက် မြစ်ဖျားခံခဲ့တာက ကွင်းလယ်ဖွဲ့စည်းပုံပါ။ အဲရစ်ဆင် မိန်နူးတို့ကို တည်ထားပြီး ဒါလိုက ပူးပေါင်းပေးလိုက်၊ ဘရူနိုက ပူးပေါင်းပေးလိုက် ကစားခဲ့တာကြောင့် ကွင်းလယ်အားသာချက် ကြီးခဲ့တယ်။ အထူးသဖြင့် ဒါလိုဟာ Pivot လိုနေရာအထိ ဝင်ချပြီး ကွင်းလယ်အထိုင်ပါ လုပ်ပေးခဲ့တယ်။ တန်ဟက်ဂ်က Underlapping fullback ပုံစံကို အသုံးပြုတယ်ဆိုပေမဲ့ ဒီပွဲမှာ မြင်ခဲ့ရတာကတော့ ပုံမှန်ထက် ထူးကဲပါတယ်။ မထင်မှတ်ထားတဲ့ ပေါင်းစပ်ဖွဲ့စည်းမှု ပုံစံတွေကြောင့် ခရစ္စတယ်ပဲလေ့စ် ပုံစံပါ ပျက်သွားခဲ့တယ်။ သေချာတာကတော့ အဲရစ်ဆင်ကို အသုံးပြုခြင်းဟာ Possession game အတွက် Attacking football အတွက် အလွန်အသုံးတည့်တာကို မြင်ရပါတယ်။ ယူနိုက်တက်ရတဲ့ အခွင့်အရေးတွေရဲ့အများစုက အဲရစ်ဆင်ဆီမှာ မြစ်ဖျားခံတယ်။ ဒါပေမဲ့ ယူနိုက်တက်ဟာ ကွင်းလယ်အားသာချက်ကြောင့် ရခဲ့တဲ့ အခွင့်အရေးတွေကို အမိအရ မဆုပ်ကိုင်နိုင်ဘူးလို့ပဲ ပြောရမယ်။ ဒါကြောင့် ပဲလေ့စ် ဒုတိယပိုင်းမှာ အမှားပြင်ဆင်ခွင့် ရသွားတယ်။
ဆိုးဆိုးရွားရွား ခြေပျက်သွားတာကို ရိပ်စားမိတဲ့ ဂလက်စနာဟာ ဒုတိယပိုင်းအစမှာပဲ လာမာ၊ ဆားတို့ကို ထည့်ပြီး ချက်ချင်း အပြောင်းအလဲ လုပ်ပါတယ်။ အစ္စမေလာဆားကို ထည့်လိုက်တာက ပဲလေ့စ်ကို ဒုက္ခပေးနေတဲ့ ဒါလိုကို ကောင်တာထောက်လိုက်ခြင်းပါ။ ဒါက ဒါလိုရဲ့ လွတ်လပ်ခွင့်ကို ကန့်သတ်လိုက်တယ်။ ပထမပိုင်းမှာ မိနေတဲ့ ရစ်သမ်ကလည်း အစက ပြန်စရသလို ဖြစ်သွားတော့ ယူနိုက်တက်ရဲ့ အရှိန်က နည်းနည်းတော့ တန့်သွားခဲ့တယ်။ တဖြည်းဖြည်းနဲ့ ရာသီအစက ယူနိုက်တက်ပုံစံမျိုး ပြန်ဖြစ်သွားတယ်။
ပိုဆိုးတာက တန်ဟက်ဂ်ဟာ ယူနိုက်တက်ရဲ့ ကစားကွက်ကို ချောမွေ့ဟန်ချက်ညီစေတဲ့ ဇစ်ခ်ဇေးကို ထုတ်တယ်။ ရပ်ရှ်ဖို့ဒ်ကို ထည့်တာ မမှားပေမဲ့ ဇစ်ခ်ဇေးဟာ ကစားဟန်အရ လိုအပ်တဲ့သူ ဖြစ်နေတယ်။ ဇစ်ခ်ဇေး မရှိတော့ ယူနိုက်တက်ဟာ အလယ်ကြောတစ်လျှောက် အသင်းကို ကူညီနေတဲ့ အားကြီးတစ်ခု ဆုံးရှုံးလိုက်ရတယ်။ ဒီလိုနဲ့ ဘယ်လိုမှ အလုပ်မဖြစ်ဘဲ ၁၅ မိနစ်လောက် အချိန်ကုန်သွားပြီး ဟွိုက်လန်း၊ အူဂါတေတို့ ထပ်ထည့်တယ်။ ထုတ်လိုက်တာက အဲရစ်ဆင်နဲ့ ဒီယာလို။ တန်ဟက်ဂ်ဟာ အသင်းရဲ့ ပလေမိတ်ကာ ၃ ယောက်ကို ထုတ်ပြီး ပေါက်ကွဲအားအခြေပြုကစားသမားတွေကို ထည့်သုံးတဲ့ သဘော ဖြစ်တယ်။ လဲချိန်တန်လို့ လဲရတယ်ဆိုပေမဲ့ ပဲလေ့စ်က အပြည့်အဝ ပိတ်ကန်နေတဲ့အချိန်မှ ကိုယ့်ရဲ့ အရေးပါတဲ့ ပလေးမိတ်ကာတွေကို ထုတ်ပစ်တာ စမတ်ကျတဲ့ လူစားလဲမှု မဟုတ်ပါဘူး။ ဇစ်ခ်ဇေးနဲ့ ဒီယာလို တစ်ယောက်ယောက်ဟာ အသင်းရဲ့ ကစားပုံ ပုံစံကျဖို့အတွက် ရှိကို ရှိနေသင့်တဲ့ ကစားသမားတွေ ဖြစ်တယ်။
ဇစ်ခ်ဇေး မရှိတဲ့နောက်ပိုင်း ယူနိုက်တက်ဟာ အခွင့်အရေးတောင် မရတော့သလောက် ဖြစ်သွားတယ်။ အဲရစ်ဆင်နဲ့ ဒီယာလိုကို ထပ်ထုတ်လိုက်တဲ့အခါမှာတော့ ယူနိုက်တက် လုံးဝ အစွယ်ကျိုးသွားပြီ။ အူဂါတေလို ကစားသမားဟာ ဂိုးလိုတဲ့အချိန်မှာ ဝင်လာသင့်သူ လုံးဝမဟုတ်ပါဘူး။ ဒဏ်ရာက ပြန်သက်သာခါစ နာလန်ထ ဟွိုက်လန်းကိုလည်း ဂိုးအသည်းအသန် လိုနေချိန်မှာ ထည့်တယ်။ အဲရစ်ဆင်ကို ဒီပွဲမှာ သုံးမယ်ဆိုရင် အစောကတည်းက ဂိုးပြတ်နေတဲ့ ဘန်စလေနဲ့ပွဲမှာ ဘာကြောင့် ပွဲချိန်ပြည့် သုံးခဲ့သေးသလဲ။ ချိတ်ဆက်ပြီး စဉ်းစားကြည့်တဲ့အခါ တန်ဟက်ဂ်ရဲ့ Workload management, gametime management ဟာ နားလည်ရခက်နေတာကို မြင်ရလိမ့်မယ်။ အဲဒါကြောင့်ပဲ လူစားလဲစရာ လိုအပ်လာချိန်မှာ ကမောက်ကမ ဖြစ်ကုန်တာပါ။
ဒီပွဲမှာ နောက်ထပ်ထင်ရှားတဲ့ အားနည်းချက်တစ်ခုက ကွင်းလယ်ခံစစ် ကစားပုံပါ။ ယူနိုက်တက်ရဲ့ ကစားပုံ ကောင်းနေတဲ့အချိန်မှာတောင် ဒီပြဿနာကို တွေ့ရတယ်။ ကွင်းလယ်ကနေ အန်ကက်တီယာ တောက်လျှောက်သယ်သွားပြီး မစ်ချယ်ကို ချပေး၊ မစ်ချယ်ရဲ့ Feed ကနေ အက်ဇေ ပိတ်သွင်းတဲ့အကြိမ်ကို ကြည့်ပါ။ အဲဒီမှာ အန်ကက်တီယာကို မိန်နူး တောက်လျှောက် လိုက်ကပ်ပေမဲ့ ဘောလုံးမရတဲ့အပြင် အခွင့်အရေးကြီးတစ်ခုပါ ပေးလိုက်ရတယ်။ ဒုတိယပိုင်းအစ ကွင်းလယ်မှာ အက်ဇေ တစ်ပတ်လှည့်ပြီး ကျော်ြဖတ်သွားတဲ့အကြိမ်ဆိုရင်လည်း နေရာယူပုံက ပုံစံမမှန်ပါဘူး။ ၆၄ မိနစ်မှာ အိုနာနာ နှစ်ဆင့်ကာကွယ်လိုက်ရတဲ့ အကြိမ်မှာလည်း အဲရစ်ဆင် ဘောလုံးပေးတာ ပျက်ပြီး ဘယ်ခြမ်း နေရာပြေးယူချိန် မိန်နူးကလည်း ဘယ်ခြမ်းကို ရွေ့ဖို့ ကြိုးစားခဲ့တာ မြင်နိုင်တယ်။ ပြီးမှ သတိဝင်ပြီး ညာဘက် ပြန်နေရာယူသွားခဲ့တာဖြစ်တယ်။ ကြီးမားတဲ့အမှားတွေလို့ မဆိုနိုင်ပေမဲ့ Pivot ကစားသမားက ဒီလိုအလွဲတွေ လုပ်လို့ မရဘူး။ ကွင်းလယ်ရဲ့ ခံစစ်တာဝန်အရှိဆုံး Role ကို ယူထားတာဖြစ်လို့ မိန်နူးအနေနဲ့ ဒီထက် တိုးတက်ဖို့ လိုအပ်တာ အမှန်ပါပဲ။ ပွဲကို တစ်ကွက်ကျော်မြင်ပြီး နားလည်နိုင်ဖို့ လိုအပ်နေတယ်။ ခံစစ်အတွက် အားမကိုးရတဲ့ အဲရစ်ဆင်နဲ့ တွဲတာဖြစ်တဲ့အတွက် ပိုပြီး လိုအပ်ပါတယ်။ ကောင်တာမိတဲ့ အလုံးတွေတိုင်း အိုနာနာ ကာကွယ်နိုင်ခဲ့တာကြောင့် ယူနိုက်တက် သက်သာရာတော့ ရခဲ့ပါတယ်။
ယူနိုက်တက်အတွက် စိတ်ပျက်စရာ ရလဒ်တစ်ခုပါပဲ။ အရှိန်ရမယ်တောင် မကျန်သေးဘဲ နောက်တစ်လှမ်း ပြန်ဆုတ်ခဲ့ပြန်ပါပြီ။ ပထမပိုင်းကစားပုံက ရောင်နီတချို့ ပေးနိုင်ပေမဲ့ ဘောလုံးဟာ Result-oriented game ဖြစ်လို့ အဆုံးသတ်မှာရလိုက်တဲ့ သရေက ပထမပိုင်းရောင်နီထက် အသင်းကို နောက်ပြန်ဆွဲနိုင်စွမ်း ရှိပါတယ်။ ပြိုင်ဘက်လို့ ပြောရမယ့် အသင်းကြီးကိုယ်စီ နိုင်ပွဲတွေ ရှာနေချိန်မှာ ယူနိုက်တက်က ခြေစွမ်းကလည်း စိတ်မချရ၊ ရလဒ်ကလည်း ချန်ပီယံလိဂ်ဝင်ခွင့်တောင် စိုးရိမ်ရမယ့် အရိပ်အယောင်တွေ ပြသနေပါတော့တယ်။
Subscribe





