ဆုံးဖြတ်ချက်အမှားတွေ၊ အထာမနပ်မှုတွေနဲ့ Same old United ကို မြင်ခဲ့ရတာကြောင့် မထူးဆန်းဘူးလို့ ဆိုနိုင်သလို၊ ပွဲအဖြေ ပြောင်းသွားမယ့် အနိုင်ဂိုးက ကြံကြံဖန်ဖန် ပယ်ဖျက်ခံရခြင်းကြောင့် ထူးဆန်းခဲ့တယ်လို့လည်း ဆိုနိုင်ပါတယ်။ ဒီပွဲက ခြေစွမ်းအကောင်းကြီး မဟုတ်ပေမဲ့ နိုင်ချင်နိုင်သွားနိုင်တဲ့ အခွင့်အရေးကြီး ရရှိခဲ့ပြီး ဇစ်ခ်ဇီးရဲ့ လူကျွံနေမှုကြောင့် ယူနိုက်တက် အထိနာခဲ့တယ်။ တစ်ပွဲလုံး ခြုံကြည့်ရင် ကစားသွားတာ သိပ်မကွာလှဘူး။ ဒါပေမဲ့ ဘရိုက်တန်က ဘရိုက်တန်လယ်ဗယ်နဲ့ဆိုရင် ကျေနပ်စရာဖြစ်ပြီး ယူနိုက်တက်ဘက်မှာတော့ လိုအပ်ချက်တွေ အများကြီး ရှိတယ်။ Structure ပိုင်းဆိုင်ရာမှာ တော်တော် လိုသေးတယ်။
ယူနိုက်တက်က ဖူလ်ဟမ်ကို နိုင်ခဲ့တဲ့လူစာရင်းအတိုင်း ပွဲထွက်လာပြီး ဘရိုက်တန်ကတော့ အဲဗာတန်ကို နိုင်ခဲ့တဲ့ လူစာရင်းကနေ တစ်ဦးပဲ အပြောင်းအလဲလုပ်ခဲ့တယ်။ ဗီဖာအစား နာပိုလီထံ ပြောင်းရွှေ့ဖို့နီးစပ်နေတဲ့ ဂေလ်မော်ကို သုံးခဲ့တာ အံ့သြစရာပါပဲ။ ဂေလ်မော်က ပေးပို့မှုအပေါ် အားပြုတဲ့ ကစားသမားဖြစ်ပြီး သူ့ရဲ့ ကွင်းလယ်ထိန်းကျောင်းပုံက ဒီပွဲမှာ အကျိုးပြုနိုင်ခဲ့ပါတယ်။ ယူနိုက်တက်က ပထမပိုင်းမှာ ကစားပုံ ပိုကောင်းခဲ့ပြီး ဒုတိယပိုင်းရောက်တော့ ဘာလုပ်လို့ လုပ်ချင်မှန်းမသိတဲ့ အဖြစ်ကို ရောက်သွားတယ်။ ရောက်သွားအောင်လည်း ကိုယ့်ဘာသာကိုယ် ဖန်တီးခဲ့တယ်။
ယူနိုက်တက်က ပထမပိုင်းမှာ အခွင့်အရေးကြီးတစ်ကြိမ်ကို အရင် ရခဲ့တာပါ။ အိုနာနာရဲ့ လှပတဲ့ အဝေးဘော ပေးပို့မှုကနေတစ်ဆင့် ဒါလိုက Aerial duel မှာ အနိုင်ယူပြီး ဖြတ်တင်ပေးပို့ရာမှာ အာမတ်ဒီယာလို ပြေးဝင်ပိတ်သွင်းတာ လွဲချော်သွားတယ်။ အပိုင်အခွင့်အရေးဖြစ်ပြီး ဒီယာလိုရဲ့ ပိတ်သွင်းတဲ့ပုံစံမှာ လိုအပ်ချက်ရှိသွားတာပါ။ အဲဒီနောက်ပိုင်းမှာလည်း လွတ်ခဲ့သေးပေမဲ့ အခွင့်အရေးကောင်းတွေ ဖြစ်အောင် မပြောင်းလဲနိုင်ခဲ့ဘူး။ ပွဲချိန် ၁၆ မိနစ်မှာ ယူနိုက်တက်ရဲ့ ကောင်းမွန်တဲ့ Pressing ကနေ မိန်နူး ဖြတ်တောက်ရယူသွားပြီး တောက်လျှောက်ဆွဲပြေးခဲ့ပေမဲ့ ဘာမှအဖက်မတင်ခဲ့ဘူး။ ပွဲချိန် ၂၉ မိနစ်လောက်မှာ ရတဲ့ အခွင့်အရေးကတော့ ပိုကြီးတယ်။ မိန်နူးရဲ့ ဘောလုံးလုယူမှုကနေ ယူနိုက်တက် ကောင်တာဖောက်ခွင့် ရခဲ့ပြီး ဒီယာလိုရဲ့ ပေးပို့မှု ညံ့ခဲ့တာကြောင့် ရပ်ရှ်ဖို့ဒ် လူကျွံသွားတယ်။ ယူနိုက်တက်ဘက်က ဒီယာလို၊ ဘရူနိုနဲ့ ရပ်ရှ်ဖို့ဒ်တို့ လွတ်ခဲ့တာဖြစ်ပြီး ဒီယာလိုက လူကျွံတဲ့အခြေအနေဖြစ်တဲ့အထိ စောင့်ခဲ့တယ်။
ဒီအခြေအနေတွေမှာ မြင်နိုင်တာက ယူနိုက်တက်ရဲ့ ဆုံးဖြတ်ချက်လွဲမှားမှု Decision making weakness တွေပါ။ သိပ်မကြာခင်မှာပဲ ဘရိုက်တန်က ပြန်လွတ်ခဲ့ပြီး ယူနိုက်တက်ကစားသမားဟောင်း ဝဲလ်ဘတ်က အပိုင်ပိတ်သွင်းသွားခဲ့တယ်။ ဒီဂိုးမှာ လစ်ဆန်ဒရိုမာတီနက်ဇ်ဟာ ရှိရမယ့်နေရာရဲ့အပြင်ဘက် ရောက်နေခဲ့ပြီး ဇုန်ထဲကနေ ကာကွယ်တဲ့ မက်ဂွိုင်းရားကလည်း ဖြစ်လာတဲ့ပြဿနာကို မရှင်းနိုင်ခဲ့ဘူး။
ဂျာအိုပတ်ဒရိုရဲ့ ဖြတ်တင်ဘောက ဘောက်စ်ထဲမှာ မရှင်းနိုင်ဘဲ မီတိုမာဆီ ရောက်သွားပြီး မီတိုမာ ပြန်ဖြတ်တင်ပေးတော့လည်း မက်ဂွိုင်းရား လမ်းကြောင်းမှန်အောင် မတွက်ဆနိုင်ခဲ့လို့ ဝဲလ်ဘတ် လွတ်လွတ်ကျွတ်ကျွတ် ပိတ်ခွင့်ရခဲ့ပါတယ်။ တကယ်တော့ ဒါက မက်ဂွိုင်းရားတစ်ဦးတည်းရဲ့ အပြစ်တော့ မဟုတ်ဘူး။ ယူနိုက်တက်ရဲ့ ခံစစ်ကစားပုံတစ်ခုလုံးရဲ့ လိုအပ်ချက်ပါ။ ဒါပေမဲ့ ထိပ်တန်းခံစစ်မှူးမှန်ရင်၊ အသင်းရဲ့ ဦးဆောင်သူတစ်ယောက်မှန်ရင် ဒီလိုပြဿနာတွေကို ရှင်းပေးနိုင်စွမ်း ရှိရပါမယ်။ ဒါဟာ ထိပ်တန်းကစားသမားတွေအတွက် တောင်းဆိုမှုပါပဲ။ ယူနိုက်တက်မှာ အဲဒီတောင်းဆိုမှုတွေကို Consistency ရှိရှိ ဖြေရှင်းပေးနိုင်တဲ့ ကစားသမားက ကင်းမဲ့လွန်းနေတယ်။ ဘရူနိုလောက်ပဲ အားကိုးစရာရှိပြီး သူတောင် တစ်ခါတလေ ထဖောက်တတ်ပါတယ်။
ဒုတိယပိုင်းစတော့လည်း လျော့တိလျော့ရဲပါပဲ။ စစချင်းမှာ ဂျာအိုပတ်ဒရို သန်မြန်စွာ ဆွဲပြေးခဲ့ပြီး ရလာတဲ့ အခွင့်အရေးကို ဂျိမ်းစ်မီလ်နာ ပြေးကန်ခဲ့တာပါ။ ယူနိုက်တက်ရဲ့ ကွင်းလယ်က Powerful run တွေကို ရင်ဆိုင်တဲ့အခါ အခက်အခဲများစွာ ရှိတယ်။ ဖူလ်ဟမ်နဲ့ပွဲမှာ အကြိမ်များစွာ မြင်ခဲ့ရသလို၊ ဒီပွဲမှာလည်း မြင်ရတယ်။ ပွဲချိန် ၅၄ မိနစ်မှာ ဝဲလ်ဘတ်ရဲ့ ခေါင်းတိုက်ချက်က အိုနာနာ တည့်တည့်ရောက်ခဲ့ပြီး ပွဲချိန် ၅၈ မိနစ်က ဝဲလ်ဘတ်ရဲ့ ခေါင်းတိုက်ချက်ကတော့ တိုင်ထိခဲ့တယ်။
ဝဲလ်ဘတ်ဟာ ယူနိုက်တက်နဲ့ တွေ့တိုင်း ခြေစွမ်းပြလေ့ရှိပြီး ဒီပွဲက ဂိုးအပါအဝင် စုစုပေါင်း ၅ ဂိုးသွင်းထားတယ်။ ဒီပွဲမှာလည်း လီချာကို အကောင်းဆုံး ဖိအားပေးနိုင်ခဲ့တယ်။ ဒါ့အပြင် ယူနိုက်တက်ရဲ့ ခံစစ်ဟာ ဘရိုက်တန်က Overload ဖြစ်အောင် လိုက်တက်လာသူတွေကို မထိန်းချုပ်တတ်ဘူး။ ဘရိုက်တန်ရဲ့ အဖွင့်ဂိုးမှာ ပတ်ဒရို ညာတောင်ပံ ရောက်လာတော့ သူ့ကို ဘယ်သူလိုက်ကပ်ရမှန်း မသိလို့ ခံစစ်ဖွဲ့စည်းပုံပျက်ပြီး ဖြတ်တင်ဘောတင်ခွင့် ပေးလိုက်ရတယ်။ ဝဲလ်ဘတ်ရဲ့ ပွဲချိန် ၅၄ မိနစ်က ခေါင်းတိုက်ချက်မှာ အနောက်က ပြေးတက်လာတဲ့ မီလ်နာကြောင့် ဒါလို အာရုံထွေခဲ့ပြီး ဖြတ်တင်ဘောတင်ခွင့်ပေးလိုက်ရတယ်။ ဒီဖြစ်ရပ်တွေက သေးသေးလေးလိုဖြစ်နေပေမဲ့ ယူနိုက်တက်ကစားသမားတွေရဲ့ ခံစစ်ကစားပုံကို မီးမောင်းထိုးပြနေပါတယ်။
ဘရိုက်တန်ရဲ့ အခွင့်အရေးတွေက ဂိုးမဖြစ်ခဲ့ပေမဲ့ ယူနိုက်တက်အတွက် အခွင့်အရေးကြီး ရောက်လာတယ်။ မက်ဂွိုင်းရား−မိန်နူးတို့ရဲ့ ကစားကွက်တည်ဆောက်မှုကနေတစ်ဆင့် မက်ဇ်ရာအိုအီက Advanced position မှာ ဘောလုံးရသွားခဲ့ပြီး ဒီယာလိုရဲ့ ပြေးလမ်းကြောင်းထဲ ကွက်တိထိုးပေးလိုက်တယ်။ ဒီယာလိုက အလိုက်သင့်ပြေးထွက်တယ်၊ ဟင်ရှဲလ်ဝုဒ် အရူးဖြစ်သွားအောင် တစ်ချက်ခေါက်ပြီး အဆုံးသတ်လိုက်တယ်။ ဂိုးပါပြီ။ မိထွေးဖြစ်သူနာရေးကြောင့် ပူဆွေးမှုရှိနေပေမဲ့ စိတ်အားထက်သန်စွာ ဝင်ကစားခဲ့တဲ့ လူငယ်လေးက ယူနိုက်တက်အတွက် ချေပဂိုးတစ်ဂိုးကို သွင်းပေးလိုက်တာပါ။ ဒီဂိုးကြောင့် ယူနိုက်တက် အနည်းငယ် အားတက်သွားတယ်။
ပွဲအခြေအနေအရ ကြည့်ရင်လည်း ပွဲက ပရမ်းပတာ ဖြစ်လေ၊ မြန်လေ၊ ယူနိုက်တက် ပိုကောင်းလာလေပါ။ ခြေပျက်နေတဲ့ ရပ်ရှ်ဖို့ဒ်အစား ဂါနာချိုကို ထည့်ပြီး တိုက်စစ်ထပ်မြှင့်တယ်။ ပွဲချိန်မိနစ် ၇၀ မှာ ယူနိုက်တက်ရဲ့ Signature လှုပ်ရှားမှုဖြစ်တဲ့ Quick transition ကနေ ဘရူနိုဖာနန်ဒက်စ် ရလာပြီး အနိမ့်ဘော ဖြတ်တင်ပေးတာကို ဂါနာချို ပိတ်သွင်းခဲ့တယ်။ ဒါပေမဲ့ ဂိုးဖြစ်ရပ်တိုင်းကို VAR က ပြန်ကြည့်ပါတယ်။ ပြန်ကြည့်တဲ့အခါ ဂိုးမဝင်ခင်လေးမှာ လူကျွံအနေအထားမှာ ရှိနေတဲ့ ဇစ်ခ်ဇီးနဲ့ ထိမိခဲ့ပါတယ်။ ထိသည်ဖြစ်စေ၊ မထိဘူးဖြစ်စေ ဂိုးဝင်မှာဖြစ်ပေမဲ့ စည်းမျဉ်းက စည်းမျဉ်းဖြစ်လို့ ဂါနာချိုရဲ့ ဂိုး ပယ်ဖျက်ခံလိုက်ရပါတယ်။
အဲဒီနောက်ပိုင်းမှာတော့ ယူနိုက်တက် မည်မည်ရရ အခွင့်အရေး မရတော့ပါဘူး။ ဘရိုက်တန်ကတောင် အခွင့်အရေး ပိုရသေးပြီး အိုနာနာ−လီချာတို့ ခံစစ်မှာ အမြီးအမောက်မတည့်တာကနေ တစ်ဆင့် ဝဲလ်ဘတ် ရသွားတာကို အိုနာနာ ဆလိုက်ထိုးရှင်းထုတ်ခဲ့ရသေးတယ်။ လစ်ဆန်ဒရိုမာတီနက်ဇ်ရဲ့ စွမ်းဆောင်ရည်ကလည်း မေးခွန်းထုတ်စရာ အနေအထားမှာ ရှိနေတာ အမှန်ပါပဲ။ ယူနိုက်တက် လျော့တိလျော့ရဲတွေ လုပ်ရင်း ပွဲပြီးခါနီးမှာ ဖြတ်တင်ဘော ပေးရတယ်။ အဲဒါကို ဒီလစ် ဖျက်လိုက်တော့ ထောင့်ကန်ဘောဖြစ်ပြီး ထောင့်ကန်ဘောကို ခုခံတော့လည်း ပရမ်းပတာပါ။ အဲဒီကနေ အဒင်ဂရာက ပါးနပ်စွာ ဖြတ်တင်ခဲ့ပြီး ပတ်ဒရိုက အဆုံးသတ်သွားတယ်။ အနှေးပြကွက်မှာ ဒီလစ်က သူ့နောက်ကို လှည့်ကြည့်တဲ့အချိန် Where are ဆိုပြီး တအံ့တသြ ရေရွတ်လိုက်တဲ့ ပုံစံ မြင်ရတယ်။ ဘရိုက်တန်ကစားသမား ၃ ယောက်လောက် ယူနိုက်တက် Box ဘယ်ဘက်ခြမ်းမှာ လွတ်နေပြီး ယူနိုက်တက်ခံစစ်က ဘယ်လိုနေရာယူထားမှန်း ပြောရခက်လောက်အောင် ကစဉ့်ကလျား ဖြစ်နေခဲ့တာပါ။
ယူနိုက်တက်ကို ကြည့်ရတာ သရေကို ကျေနပ်တဲ့ပုံ ပေါ်ပြီး တကယ်တမ်းမှာတော့ သရေတောင် မရခဲ့ပါဘူး။ တိုက်စစ်မှာ ဘရူနိုကို လူစားလဲလိုက်ပြီးကတည်းက ဘာဖြစ်ချင်မှန်း နားလည်ရခက်သွားတယ်။ ယူနိုက်တက်ရဲ့ Attacking drive က ဘရူနိုဆီမှာပဲ ရှိပြီး သူမပါဘဲ ဂိုးဘယ်လိုသွင်းမယ်ဆိုတာ စဉ်းစားရခက်ပါတယ်။ တကယ်တော့ ဒုတိယပိုင်းအစမှာ မေဆင်မောင့်ကို လဲလိုက်ကတည်းက စဉ်းစားရကျပ်ခဲ့တာ။ ဘရူနိုနဲ့ မေဆန်မောင့်ဟာ ပထမပိုင်းမှာ အသင်းရဲ့ Pressing machine တွေအဖြစ် အရေးပါခဲ့ရုံမကဘဲ တိုက်စစ်တွဲလုံးတွေ ဖော်ဆောင်ရာမှာလည်း ထူးချွန်ခဲ့ကြပါတယ်။
တိုက်စစ်မြှင့်ဖို့ ဇစ်ခ်ဇီး ထည့်တဲ့အချိန်မှာ ရပ်ရှ်ဖို့ဒ်ကို ထုတ်လိုက်တာက ပိုကောင်းတဲ့ Solution မဟုတ်ဘူးလားလို့ စဉ်းစားမိပါတယ်။ မေဆန်မောင့် ထွက်သွားတဲ့အချိန် ယူနိုက်တက် ကစားပုံ ပိုမိုလျော့ရဲသွားတာ တိုက်ဆိုင်မှုတော့ မဟုတ်ပါဘူး။ ဖူလ်ဟမ်နဲ့ ပွဲမှာလည်း ဒီလိုပါပဲ။ မောင့်မှာ လိုအပ်ချက်တွေ ရှိသေးပေမဲ့ သူ့ရဲ့ Work rate ၊ ဘောလုံးပိုင်ဆိုင်ထားချိန် နေရာစုံရွေ့ လိုက်ချိတ်ပေးမှုတွေက ယူနိုက်တက်အတွက် အကျိုးတစ်စုံတစ်ရာတော့ ရှိစေတယ်။
ယူနိုက်တက်ဟာ ကစားဟန်အပိုင်း၊ Structure ပိုင်းမှာ လိုအပ်ချက်တွေ အများကြီး ရှိပါတယ်။ ဘောလုံးပိုင်ဆိုင်မှုကောင်းကောင်းနဲ့ ပြိုင်ဘက်ကို မောင်းကစားဖို့ လုံလောက်တဲ့ Driving force မရှိပါဘူး။ ဒီအတွက်ကြောင့် ဘရူနိုက နောက်ဘက် အရမ်းဆင်းရတယ်။ ခံစစ်ကစားပုံအတွက် Pressing ကို အားကိုးရပေမဲ့ Ferocious pressing ကို ကစားနိုင်တဲ့အထိ စွမ်းအင်မရှိသေးဘူး။ ဒီပွဲမှာ ပိုဆိုးတာက မောင့်ကို အစောကြီး လဲပစ်လိုက်တယ်။ ဒါဟာ Control ဆိုတဲ့ ပွဲထိန်းချုပ်နိုင်စွမ်း မရှိတဲ့အချိန်မှာ တခြားကဏ္ဍတွေကိုပါ သွားထိခိုက်စေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ယူနိုက်တက်က မပြည့်စုံမှုတွေကြားမှာ နည်းဗျူဟာဖာထေးမှုတချို့နဲ့ တစ်ခုကိုတစ်ခု ထောက်ကန်ထားလို့ပါ။ ပလာစတာကပ်ထားရုံလောက်သာဖြစ်ပြီး အဲဒီအောက်မှာ အနာကတော့ ရှိနေတယ်။
ဒီအခြေအနေမှာ အမှားတွေ ထပ်မလုပ်ဖို့ လိုပါတယ်။ ဒီပွဲမှာ ဘရိုက်တန်က ယူနိုက်တက်ထက် Attacking third zone ထဲ ပေးပို့မှု အကြိမ် ၂၀ ပိုများခဲ့သလို၊ ပယ်နယ်တီဧရိယာထဲ ဘောလုံးထိချက်၊ ပေးပို့မှု၊ ကန်သွင်းချက်၊ ဂိုးပေါက်တည့်မှု စသဖြင့် အရေးပါတဲ့မက်ထရစ်တွေမှာ ယူနိုက်တက်ထက် သာခဲ့တယ်။ ဒါပေမဲ့ အမှားတွေ မလုပ်ဘူးဆိုရင် ဒီအပိုင်းတွေက အခုလောက်အားနည်းနိမ့်ကျသွားမှာ မဟုတ်ဘူး။ အမှားတွေက ယိုင်နဲ့နဲ့ ဖြစ်နေတဲ့ အသင်းရဲ့ Structure ကို လဲပြိုသွားအောင် လုပ်ခဲ့တာဖြစ်တယ်။ ဒီပွဲက အဲရစ်တန်ဟက်ဂ် ပြောတဲ့ ကျွန်တော်တို့အသင်း အဆင်သင့်မဖြစ်သေးဘူးဆိုတာကို ဖော်ပြတဲ့ ပွဲဖြစ်ပါတယ်။
By Sithu
Subscribe





