ဒီလစ်နဲ့ ယူနိုက်တက်တို့ အပြောင်းအရွှေ့နောက်ကွယ်
စာရွက်စာတမ်းတွေက ကြိုတင်တွက်ဆထားတာထက် နောက်ကျပြီး ၁၂ ရက်နေ့ ညနေဘက်လောက်မှ အပြီးသတ်နိုင်ခဲ့တယ်ဆိုပေမဲ့ ဘာမှ အာရုံနောက်လာစရာတော့ မရှိခဲ့ပါဘူး။
ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာ ဥရောပရဲ့ အကောင်းဆုံး လူငယ်ဗဟိုနောက်ခံလူတွေထဲကတယောက်အဖြစ် သတ်မှတ်ခံထားရတဲ့ မက်သစ်ဒီလစ်ဟာ ယူနိုက်တက်ကိုရောက်ရှိဖို့ ဖြစ်လာခဲ့တယ်။ ဒီအပြောင်းအရွှေ့သတင်းဟာ ယူရိုပြိုင်ပွဲကာလတွင်းမှာ စတင်ထွက်ပေါ်လာခဲ့တာဖြစ်ပြီး နောက်ဆုံးမှာတော့ ယူရို ၄၅ သန်း + ၅သန်း နဲ့ အပြီးသတ်နိုင်ခဲ့တာဖြစ်ပါတယ်။
အဲဒီနေ့မှာပဲ အသက် ၂၅ နှစ်ပြည့်မြောက်ခဲ့တဲ့ ဒီလစ်အတွက်တော့ ယူနိုက်တက်ဆီရောက်ရှိမယ့်လမ်းခရီးဟာ ရှည်ကြာလွန်းခဲ့ပါတယ်။
ဒီလစ်ဟာ ကလေးဘဝထဲက ဆာအဲလက်စ်ဖာဂူဆန်ရဲ့ သရဲနီတပ်သားတွေ၊ ရီယိုဖာဒီနန်နဲ့ ဗီဒစ်တို့ ဗဟိုခံစစ်အတွဲ… ဒါတွေကို စိတ်လိုလက်ရ အားပေးရင်းကြီးပြင်းခဲ့တယ်လို့ဆိုပါတယ်။ သူမမီလိုက်ပေမဲ့ ရီယို – ဗီဒစ် အတွဲအပြင် သူစိတ်ထဲငြိတဲ့ နောက်ထပ် ကစားသမားကြီးတဦးကတော့ ဂျက်ပ်စတမ်း ပဲဖြစ်ပါတယ်။
ဒါပေမဲ့ တကယ်တမ်းတွေးကြည့်ရင် ဒီနွေဟာ သူအိုးလ်ထရက်ဖို့ဒ်ကိုရောက်ရှိလာဖို့ အလားအလာ အများကြီးရှိခဲ့တာတော့မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ရာသီမှာ ဘိုင်ယန်က ရုန်းကန်ခဲ့ရသလို သူကိုယ်တိုင်လည်း ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်ခဲ့ရတာမို့ အသင်းရဲ့ အခြေအနေအတွက်သူ့မှာတာဝန်မကင်းဘူးလို့ ဒီလစ်ကခံယူထားခဲ့တာပါ။ ဘိုင်ယန်နဲ့ ပထမရာသီ ၂၀၂၂-၂၃ ကတော့ အောင်မြင်တဲ့ရာသီတခုဖြစ်ခဲ့ပြီး ၁၁ ရာသီဆက် ဘွန်ဒက်စ်လီဂါချန်ပီယံဘွဲ့အတွက် ဒေါ့မွန်ကို ခက်ခက်ခဲခဲအမီလိုက်ခဲ့ရတဲ့ မတ်လနဲ့ ဧပြီလတွေအတွက် အသင်းရဲ့ တလတာအကောင်းဆုံးကစားသမားအဖြစ်လည်း သတ်မှတ်ခံခဲ့ရပါတယ်။
အရင်ရာသီကတော့ အသစ်ခေါ်ယူလိုက်တဲ့ ကင်မင်ဂျေး၊ အူပါမီကာနို၊ ရာသီဝက်မှာရောက်လာတဲ့ အဲရစ်ဒိုင်ယာတို့နဲ့ ပြိုင်ပြီး ပွဲထွက်ခွင့်တနေရာကို တိုက်ပွဲဝင်ခဲ့ရပေမဲ့ သူကြံ့ခိုင်မှုပြည့်ဝနေခဲ့တဲ့ ဘွန်ဒက်စ်လီဂာ ၂၂ ပွဲမှာ ၁၆ ပွဲထိ ပွဲထွက်ခွင့်ရခဲ့ပါတယ်။ သောမတ်စ်တူချယ် ထွက်ခွာသွားခဲ့ပြီးတဲ့နောက် ၂၀၂၄-၂၅ ရာသီ ကွန်ပနီလက်ထက်မှာလည်း သူ့အနေနဲ့ တနေရာစာ အပိုင်ရဖို့မခက်ခဲနိုင်ပါဘူး။ ဘိုင်ယန်မြူးနစ်ပရိသတ်တွေဆိုရင် သူ့ကိုအသင်းမှာဆက်ထိန်းသိမ်းထားဖို့ ထောက်ခံလက်မှတ်တွေ စုဆောင်းခဲ့တာမှာ (၇၀,၀၀၀) ကျော်ထိတောင် ရရှိခဲ့ပါတယ်။
ဒါပေမဲ့ အသင်းဘက်က မတူညီတဲ့အမြင်တမျိုးရှိနေခဲ့တယ်ဆိုတာ ယူရိုပြိုင်ပွဲကာလတွင်းမှာပဲ ရုပ်လုံးပေါ်လာခဲ့ပါတယ်။ သူ့ရဲ့ဦးဆောင်နိုင်စွမ်းကို အသိအမှတ်ပြုပေမဲ့ ခံစစ်အထိုင်ကနေ ရှေ့ကိုတက်ရမယ့်အပိုင်းတွေ၊ ခြေထောက်မသန်တဲ့ဘက်နဲ့ ခုခံရတဲ့အပိုင်းတွေမှာ သူ့ရဲ့စွမ်းဆောင်ရည်ကို အသင်းတွင်းတာဝန်ရှိသူတချို့က မေးခွန်းထုတ်ခဲ့ကြပါတယ်။ ဒီလစ်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တခုရဲ့စကားအရ သူတို့အပြန်အလှန် ဆွေးနွေးတဲ့နေရာမှာလည်း တာဝန်ရှိသူတွေက စကားပရိယာယ်တွေသုံးပြီး တကယ်တမ်း သူ့ကို ပထုတ်ချင်နေခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။
ဒီလို မရှင်းမလင်းတွေဖြစ်နေတဲ့ကာလမှာ ဒီလစ်က ဘာကြောင့် သူ့ကို အရောင်းစာရင်း တင်ထားတယ်လို့ ခံစားနေရတာလဲဆိုပြီး ကွန်ပနီဆီ တိုက်ရိုက် သွားမေးခဲ့ပါတယ်။ နီးစပ်သူတွေရဲ့စကားအရ ကွန်ပနီအနေနဲ့ ဒီဆုံးဖြတ်ချက်အပေါ်မှာ သူ့ပယောဂကင်းတဲ့အကြောင်း၊ ဒီလစ်ဟာ သူ့အတွက် နံပါတ် (၁) ခံစစ်မှူးတယောက်ဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့သိရပါတယ်။ သူတို့ရဲ့အမြင်အရ ဒါဟာ ဘုတ်အဖွဲ့ရဲ့ ဆုံးဖြတ်ချက်သာဖြစ်ပါတယ်။
The Athletic ကဒီကိစ္စကို ဘိုင်ယန်ရဲ့ပြောရေးဆိုခွင့်ရှိသူတဦးထံ ဆက်သွယ်မေးမြန်းရာမှာတော့ ကွန်ပနီအနေနဲ့ ဒီကိစ္စအပေါ် ဘာမှတ်ချက်မျိုးမှ ပေးခဲ့ခြင်းမရှိကြောင်း ငြင်းဆိုသွားခဲ့ပါတယ်။
ယူရိုပြိုင်ပွဲကာလဟာလည်း ဒီလစ်အတွက်တော့ ခက်ခဲတဲ့ကာလတခုဖြစ်ခဲ့ပါတယ်။ ဒဏ်ရာက ပြန်လည်သက်သာပြီး အကောင်းဆုံးပုံစံနဲ့ ပြန်လာမယ်လို့ အားခဲထားပေမဲ့ ဆီမီးဖိုင်နယ်ရောက်တဲ့ထိ သူ့အနေနဲ့ တမိနစ်ကလေးမှတောင် ကွင်းထဲခြေချခွင့်မရခဲ့ပဲ ဒတ်ချ်တို့ရဲ့ခံစစ်ကို ဗန်ဒိုက်နဲ့ ဒီဗရစ်ချ်တို့ကသာ ဦးဆောင်သွားခဲ့ကြပါတယ်။ ဗန်ဒိုက်နဲ့ ဒီလစ်အတွဲဟာ ရှေ့ပြိုင်ပွဲတွေမှာ ၂၁ ပွဲဆက်တိုက် အတူပွဲထွက် ကစားခဲ့ရပြီးမှ ပြီးခဲ့တဲ့ နှစ်ရာသီအတွင်းမှာတော့ လေးပွဲသာ တွဲဖက်ကစားခွင့်ရခဲ့ပါတယ်။
ဒီနှစ် ယူရိုမှာ နယ်သာလန်နည်းပြ ရော်နယ်ကိုးမန်းအနေနဲ့ ၂၀၁၈ ထဲက အသင်းခေါင်းဆောင်ဖြစ်ခဲ့တဲ့ ဗန်ဒိုက်ကိုသာ ပုံသေထားပြီး သူနဲ့တွဲဖက်ပေးဖို့ရွေးချယ်ရာမှာ အင်တာမီလန်နဲ့အတူ စီးရီးအေ ချန်ပီယံဖြစ်ခဲ့တဲ့ အသက် (၃၂) နှစ်အရွယ် ဒီဗရစ်ချ်ကို ဦးစားပေးခဲ့တဲ့အတွက် ဒီလစ်ဟာ အလိုလိုနေရင်း သူ့ကိုယ်သူအံ့အားသင့်စွာနဲ့ ဒုတိယလူ ဖြစ်သွားခဲ့ရတာပါပဲ။
ဒါတွေကို ခံပြင်းတဲ့ ဒီလစ်အနေနဲ့လည်း အိုင်းယက်စ် (အေဂျက်စ်) မှာတုန်းက သူ့ကိုအပြည့်အဝ ယုံကြည်မှုပေးခဲ့တဲ့ ဆရာဟောင်းဘက်ကို ယိမ်းပြီး မန်ချက်စတာမြို့ဆီ ခြေဦးတည်ဖို့ ဖြစ်လာခဲ့ဟန်တူပါတယ်။
“သူ (အဲရစ်တန်ဟက်) ဟာ ကျွန်တော့်ကစားသမားဘဝ တိုးတက်ဖို့အတွက် အရေးအပါဆုံးနည်းပြတဦးဖြစ်ခဲ့ပါတယ်။ ကျွန်တော့်အသက် ၁၈ နှစ်အရွယ်မှာတင် သူက ကျွန်တော့်ကို အသင်းကိုဦးဆောင်နိုင်တဲ့ကစားသမားတယောက်၊ စံနမူနာတယောက်၊ ခေါင်းဆောင်ကောင်းတယောက် လို မြင်ပေးခဲ့တာပါ။”
ဒီလစ် (ဖေဖော်ဝါရီလအတွင်း The Athletic နှင့် အင်တာဗျူးတခုမှ)
မတ်လ ၁၆ ရက်၊ ၂၀၁၈ ခုနှစ်။ သူ့အသက် ၁၈ နှစ်နဲ့ ၆ လ အရွယ်မှာပဲ တန်ဟက်အနေနဲ့ ဒီလစ်ကို အသင်းခေါင်းဆောင်အဖြစ်တာဝန်ပေးအပ်ခဲ့ပြီး အိုင်းယက်စ်ရဲ့ သမိုင်းတလျှောက် အသက်အငယ်ဆုံး ကပ္ပတိန်တယောက် ဖြစ်လာစေခဲ့ပါတယ်။ အဲဒီနောက်တရာသီမှာပဲ အသင်းကို ချန်ပီယံလိဂ်ဗိုလ်လုပွဲရောက်ဖို့ စက္ကန့်သုံးဆယ်သာလိုတဲ့ထိ ဦးဆောင်ပေးထားနိုင်ခဲ့ပေမဲ့ စပါးအသင်းရဲ့ အံ့ဖွယ်ကမ်းဘက်နဲ့ အဝေးဂိုးစည်းမျဉ်းကြောင့်သာ ပြိုင်ပွဲကနေ နှုတ်ဆက်ထွက်ခွာခဲ့ရတာပါ။
အဲဒီနောက် ဂျူဗီကို ယူရို ၇၅ သန်းနဲ့ ပြောင်းရွှေ့သွားခဲ့ပြီး ၂၀၂၂ ဇူလိုင်မှာတော့ နောက်ထပ်ဥရောပ အင်အားကြီးကလပ်တသင်းဖြစ်တဲ့ ဘိုင်ယန်မြူးနစ်ကို ရောက်ရှိခဲ့ပြန်ပါတယ်။ တန်ဟက်ကလည်း ၂၀၂၁-၂၂ ရာသီအကုန်မှာ အမ်စတာဒမ်ကနေ မန်ချက်စတာကို ရောက်ရှိလာပြီး အဲဒီကာလတလျှောက်လုံးထိ ဆရာတပည့်နှစ်ယောက်ကြားမှာ အဆက်အသွယ်ရှိနေဆဲပါပဲ။ ဒါကြောင့်ပဲ ဒီလစ်နဲ့ ဘိုင်ယန်ရဲ့တအုံ့နွေးနွေး အခြေအနေလေးမှာတင် ယူနိုက်တက်ဘက်က အလျင်အမြန် လှုပ်ရှားနိုင်ခဲ့တာဖြစ်ပါတယ်။
ဒီနွေမှာ ယူနိုက်တက်အတွက် ဗဟိုခံစစ်နေရာကလည်း ပထမဦးစားပေးတွေထဲမှာပါပါတယ်။ ဗာရန်းနဲ့ စာချုပ်သက်တမ်းကုန်တဲ့အချိန်မှာ လမ်းခွဲခဲ့ပြီး ပြီးခဲ့တဲ့ရာသီက ဒဏ်ရာပြဿနာတွေကလည်း Squad depth (အသင်းလူအင်အား) တောင့်တင်းမှုရှိဖို့ လိုအပ်နေကြောင်း သက်သေသာဓကတွေပဲဖြစ်ပါတယ်။
ယူနိုက်တက်တာဝန်ရှိသူတွေအနေနဲ့ ညာခြမ်းဗဟိုခံစစ်နေရာကိုအင်အားဖြည့်ဖို့ ဦးစားပေးအနေနဲ့ သတ်မှတ်ထားခဲ့တာကြောင့် စောစောစီးစီးပဲ အဲဗာတန်နောက်ခံလူ ဘရန့်ဝိတ်ကိုအရင် ချိတ်ဆက်ခဲ့ပါသေးတယ်။ ပုံမှန်ဆိုရင်တော့ သူဟာလည်း ဘယ်ဘက်မှာသာ ကစားလေ့ရှိပေမဲ့ လိုအပ်ရင် ညာဘက်မှာလည်း ခြေစွမ်းပြကစားနိုင်တဲ့ ကစားသမားတဦးဖြစ်ပါတယ်။ တကယ်လို့ အခွင့်သာခဲ့ရင် နှစ်ယောက်လုံးကို ခေါ်ယူဖို့ ဘုတ်အဖွဲ့က စဉ်းစားထားပြီးဖြစ်ပါတယ်။
The Athletic ကနေ ပြီးခဲ့တဲ့ သောကြာနေ့က တင်ဆက်ပေးခဲ့သလိုပဲ လူငယ်ကြယ်ပွင့်ကစားသမားလေး လန်နီယိုရိုရဲ့ ဒဏ်ရာပြဿနာကို သိရှိထားပါလျက် ယူနိုက်တက်အနေနဲ့ ရီးရဲလ်မက်ဒရစ်နဲ့အပြိုင် စွန့်စားခေါ်ယူဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် အသင်းက မာတီနက်ဇ်နဲ့အတွဲအဖက်မှာ အမြင့်ဘောကာကွယ်မှု၊ ဘောလုံးကိုင်ကစားနိုင်မှုအပိုင်းတွေကို ကောင်းကောင်းတာဝန်ယူပေးနိုင်တဲ့ ဟယ်ရီမဂွိုင်းယားရဲ့ လက်ရှိပုံစံနဲ့ အခြေအနေကိုလည်း စိတ်ကျေနပ်မှုရှိနေပါတယ်။ ဒီလစ်ကတော့ အဲဒီအပိုင်းတွေကို နောက်အဆင့်တခုထိ ဆွဲတင်သွားနိုင်မယ့်သူလို့ ရှုမြင်ခြင်းခံထားရပါတယ်။
ပထမဆုံး ဒီလစ်ကို လိုချင်ခဲ့တဲ့သူက နည်းပြတန်ဟက်ဖြစ်ပေမဲ့ ဇန်နဝါရီမှာတုန်းကတော့ သာမန် အိုင်ဒီယာလေးတခုအဖြစ်သာ လေထဲ ပျောက်ကွယ်သွားခဲ့ရတာပါ။ ဒါပေမဲ့ ရာသီကုန်မှာ ဒီလိုကစားသမားတယောက်အတွက် ဈေးသင့်လွန်းတယ်လို့ပြောရမယ့် ကြေးနဲ့ ရဖို့ အခွင့်ကြုံလာတဲ့အခါမှာတော့ ယူနိုက်တက်ရဲ့တာဝန်ရှိသူတွေက တန်ဟက်ရဲ့သဘောအတိုင်း လျင်မြန်တက်ကြွစွာပဲ လှုပ်ရှားပေးခဲ့ပါတယ်။ ဒီလစ်ဟာ သူတို့လိုချင်တဲ့ အရွယ်အပိုင်းအခြားတခုမှာလည်း အကျုံးဝင်နေခဲ့သလို ကာရိုက်တာအားဖြင့်လည်း ကွက်တိကျပါတယ်။ ဒီလစ်ဟာ ဟိုးအရင်နှစ်များစွာထဲက ယူနိုက်တက်ရဲ့ စနစ်ထဲကို ဝင်နေခဲ့ပြီးသား ဖြစ်ပါတယ်။
နောက်ထပ်အကြောင်းအရာတခုကိုပြောရရင် ပြီးခဲ့တဲ့ရာသီကုန်ခါစမှာ ဘုတ်အဖွဲ့အနေနဲ့ တန်ဟက်နေရာကို အစားထိုးဖို့ နည်းပြသစ်တွေရှာဖွေခဲ့တဲ့ကိစ္စကြောင့် အခုချိန်မှာ နှစ်ဖက်လုံးက ယုံကြည်မှုတခုကိုပြန်လည်တည်ဆောက်ဖို့ ဆန္ဒရှိနေပါတယ်။ တန်ဟက်အနေနဲ့လည်း ပြီးခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်ကနေစပြီး အားကစားဒါရိုက်တာသစ် ဒန်အက်ရှ်ဝါ့သ်နဲ့ ဆက်ဆံရေးကောင်းတခုကို တည်ဆောက်ထားနိုင်ပြီဖြစ်တယ်လို့သိရပါတယ်။ သူတို့ရုံးခန်းတွေကလည်း ဘေးချင်းကပ်မှာရှိနေတာပါ။
သေချာကောက်ချက်ချမယ်ဆိုရင် ဒီလစ်ဟာ တန်ဟက်ဆွယ်လို့ ရောက်လာခဲ့တာထက် နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းခဲ့တဲ့ အပြောင်းအရွှေ့တခုလို့ ဆိုရမှာဖြစ်ပါတယ်။ ယူနိုက်တက်အတွက် အနာနဲ့ဆေးတွေ့ခဲ့တာ တကြောင်း၊ ဘဏ္ဍာရေးအရလည်း သင့်တင့်တဲ့ပမာဏဖြစ်ခဲ့တာတကြောင်းပေါ့။
ဘိုင်ယန်က ဒီလစ်အတွက်မူလသတ်မှတ်ထားတဲ့ဈေး ယူရို ၅၅ သန်းကို လျှော့ချပေးခဲ့တဲ့အကြောင်းရင်းတွေထဲမှာ နောက်ထပ်အသင်းသားတယောက်ဖြစ်တဲ့ မက်ဇ်ရာဝီကိုပါခေါ်ယူဖို့ ဆွေးနွေးဖြစ်ခဲ့တာကြောင့်လည်းပါပါတယ်။ မက်ဇ်ရာဝီကိုသဘောတူညီမှုယူနိုင်ခဲ့ခြင်းနဲ့ ဒီလစ်အတွက် ဆွေးနွေးမှုဟာ သပ်သပ်စီဖြစ်ပေမဲ့ ကစားသမားနှစ်ယောက်လုံးရဲ့အေးဂျင့်က တယောက်တည်းဖြစ်တာကြောင့် သူတို့ကိုတပြိုင်တည်းခေါ်ယူနိုင်ဖို့က အခက်အခဲမရှိခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်ဘက်ကတော့ သူတို့အနေနဲ့ အရည်အသွေးမြင့်တဲ့ ကစားသမားနှစ်ယောက်ကို တယောက်စာဈေးနဲ့ ရလိုက်တယ်လို့ ရှုမြင်ထားပါတယ်။
ဒါပေမဲ့ ဒီလစ်နဲ့ ဘိုင်ယန်မြူးနစ်အသင်းကြားက အခြေအနေတွေ သတင်းပေါက်ကြားလာတဲ့အချိန်မှာ တခြားသောအသင်းတွေကလည်း စိတ်ဝင်စားမှုတွေရှိခဲ့ပါတယ်။ ဒီလစ်ရဲ့ အသိုင်းအဝိုင်းဘက်ကို PSG နဲ့ ဘာစီလိုနာတို့ကလည်း ဆက်တိုက်ဆက်သွယ်နေခဲ့ပေမဲ့ ယူနိုက်တက်ကသာ ပထမဦးစားပေးအဖြစ် ရှိနေခဲ့တာပါ။ ဒီလစ်ရဲ့ ဆရာဟောင်းနဲ့ပြန်လည်လက်တွဲချင်တဲ့ဆန္ဒနဲ့ ယူနိုက်တက်ကို သဘောကျတဲ့စိတ်တို့က ဒီပွဲမှာ အခရာကျသွားခဲ့တာပါပဲ။ အဲဒီအချိန်မှာ ကစားသမားကိုတွေဝေအောင်လုပ်နိုင်မယ့်အသင်းဆိုလို့ ရီးရဲလ်မက်ဒရစ်တသင်းသာရှိပါလိမ့်မယ်။
“ဒီလစ်က ဘောလုံးအားကစားနဲ့ပတ်သက်ရင် အမြဲကျောင်းသားပါပဲ။ သူက နည်းစနစ်တွေကိုကြေညက်သလို သမိုင်းကြောင်းကိုလည်း စိတ်ဝင်စားတတ်ပါတယ်။ ဟိုအရင်က ကစားသမားတွေ ဒါမှမဟုတ် လက်ရှိ အိုင်းယက်စ်မှာတာဝန်ထမ်းဆောင်နေတဲ့ တချိန်က နာမည်ကြီးကစားသမားတွေရဲ့ နောက်ကြောင်းရာဇဝင်တွေကို သူအရမ်းစိတ်ဝင်စားပါတယ်။
ဒါကြောင့် သူ့အနေနဲ့ တခုခုကိုရွေးချယ်တဲ့နေရာမှာ ကြိုတင်လေ့လာပြီးမှ ရွေးချယ်မယ်ဆိုတာ သေချာပါတယ်။ သူကိုယ်တိုင် အဲဒီအသင်းအကြောင်းကို ထဲထဲဝင်ဝင်သိအောင် လေ့လာပြီး အဲဒီမှာအလုပ်လုပ်နေတဲ့သူတွေ၊ ကစားသမားတွေအကြောင်းထိ သူစူးစမ်းပါလိမ့်မယ်။ သူတို့ရဲ့ရာဇဝင်ကဘယ်လိုရှိလဲ၊ ကိုယ်နဲ့ရောကိုက်ပါ့မလား… စသဖြင့်ပေါ့။”
အိုင်းယက်စ်လူငယ်အကယ်ဒမီဥက္ကဋ္ဌ
အသင်းသားတွေအားလုံးသာ ကြံ့ခိုင်မှုပြည့်ဝနေခဲ့မယ်ဆိုရင် မာတီနက်ဇ်ကို ဘယ်ခြမ်းဗဟိုခံစစ်နဲ့ ဒီလစ်ကိုညာခြမ်းမှာ မြင်တွေ့ရဖို့ရှိနေပါတယ်။ ယိုရိုလည်းဒဏ်ရာကသက်သာပြီး ပရီးမီးယားလိဂ်နဲ့ အံဝင်ဂွင်ကျဖြစ်ခဲ့မယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပါပဲ။
ဒီလစ်ဟာ ဘိုင်ယန်နဲ့ရာသီကြိုမှာ တပွဲမှလိုက်ပါသွားခဲ့ခြင်းမရှိပေမဲ့ တန်ဟက်ကတော့ ချက်ချင်းပဲ ပရီးမီးယားလိဂ်ပွဲဦးထွက်မှာတင် လူစာရင်းထဲ ထည့်ခေါ်လာခဲ့ပြီး ၈၁ မိနစ်မှာ လူစားဝင်ရောက်စေခဲ့ပါတယ်။ အဲဒီအချိန်မှာ သူ့ရဲ့ကြံ့ခိုင်မှုပိုင်းနဲ့ပတ်သက်ပြီး ဘာမေးခွန်းထုတ်စရာမှရှိမနေခဲ့ပါဘူး။ ဒီကောင်ဟာ အိုင်းယက်စ်မှာ ၁၇ နှစ်အရွယ်ထဲက ပွဲထွက်ကစားနေတဲ့ကောင်ဖြစ်ပါတယ်။
“ရုပ်ပိုင်းဆိုင်ရာအရ သူက ရင့်ကျက်တာစောပါတယ်။ တစ်ခါတလေမှာ အဲဒီလိုကလေးတွေက လူကောင်ထွားပေမဲ့ နည်းစနစ်ပိုင်းမကြေညက်တဲ့ ပြဿနာမျိုး ကြုံတွေ့ရတတ်လေ့ရှိတယ်။ ဒီလစ်က ရုပ်ပိုင်းဆိုင်ရာအရလည်း အားသာမှုရှိသလို နည်းစနစ်ပိုင်းကိုလည်းပိုင်နိုင်တော့ သူ့ကို ပျိုးထောင်ဖို့က လွယ်ကူခဲ့ပါတယ်။ အနည်းဆုံး နှစ်နှစ်လောက်ရှိမယ်။ သူ့ရဲ့ အကယ်ဒမီကစားသမားဘဝ နောက်ဆုံးရာသီတွေမှာ ကျွန်တော်တို့သူ့ကို ဗဟိုခံစစ်မှာ မကစားခိုင်းတော့ပဲ ကွင်းလယ်ကိုတက်ကစားခိုင်းခဲ့ပါတယ်။ သူ့ကိုတကယ်ကွင်းလယ်ပို့မှာမဟုတ်မှန်း ကျွန်တော်တို့အားလုံးသိကြပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့သူ့ကို ပတ်ပတ်လည် 360° ကို သတိရှိအောင် တမင်ကျင့်ယူပေးခဲ့တာပါ။ ဒါကပဲ သူ့ကို အရမ်းငယ်ရွယ်သေးတဲ့အချိန်မှာတင် အသင်းကြီးနဲ့အတူ ဥရောပဗိုလ်လုပွဲတွေကို တက်ရောက်နိုင်ဖို့ အထောက်အကူဖြစ်စေခဲ့တာဖြစ်ပါတယ်။”
ရူဘင်ဂျွန်ကင်း (ယခင် အိုင်းယက်စ်အကယ်ဒမီ လူငယ်တိုးတက်ရေးဥက္ကဋ္ဌ)
ရုပ်ပိုင်းဆိုင်ရာအရရော နည်းစနစ်ပိုင်းအရပါ ရှိသင့်တဲ့အနေအထားတခုကို ပိုင်ဆိုင်ထားတဲ့အပြင် စိတ်ဓာတ်မာကျောမှုနဲ့ ခေါင်းဆောင်မှုအရည်အသွေးတွေကလည်း ဒီလစ်ရဲ့ကိုယ်ထဲမှာ ငယ်ရွယ်စဉ်ကတည်းက ရှိနေခဲ့တာဖြစ်ပါတယ်။
သူ့ရဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာတိုးတက်မှုမှာ အဓိကအရေးပါခဲ့တဲ့ ပုဂ္ဂိုလ်ကတော့ အိုင်းယက်စ်နဲ့ နယ်သာလန် ခံစစ်မှူးဟောင်း ဘယ်ရီဟဲလ်ရှော့ဖ် ပဲဖြစ်ပါတယ်။ သူ့အနေနဲ့ ၂၀၂၀ ခုနှစ်မှာ မကွယ်လွန်ခင်အထိ ဒီလစ်ရဲ့ဆယ်ကျော်သက်ဘဝတလျှောက်လုံး အနီးကပ်ရှိပေးခဲ့တာဖြစ်ပါတယ်။
“အရေးကြီးတဲ့အခိုက်အတန့်တွေမှာ သူဟာအမြဲပေါ်လာတတ်ပါတယ်။ ကျွန်တော်ကြည့်ဖူးသမျှ အကောင်းဆုံးလူငယ်ပွဲစဉ်တွေထဲက တပွဲလို့ပြောရမယ့် အိုင်းယက်စ် နဲ့ ဖီယင်နော့ဒ် (U-16) ဒတ်ချ်ဖလားဗိုလ်လုပွဲမှာပေါ့။ ကျွန်တော်တို့ (အိုင်းယက်စ်) က အနီကဒ်နဲ့ နှစ်ယောက်ထုတ်ခံထားရတဲ့အပြင် ဦးဆောင်ဂိုးလည်းပေးထားရပါတယ်။ အဲဒီအချိန်မှာ တသင်းလုံး ပင်ပန်းနွမ်းလျနေခဲ့ကြပေမဲ့ ကစားသမားနှစ်ယောက်ကတော့ ရှေ့ကနေ မားမားမတ်မတ် ထွက်လာခဲ့ပါတယ်။ သူတို့ကတော့ နိုအာလန်းဂ် (လက်ရှိ PSV) နဲ့ မက်သစ်ဒီလစ် တို့ပဲဖြစ်ကြပါတယ်။
နောက်တခုကတော့ ကွင်းပြင်ပမှာပါ။ တခါက ကျွန်တော်တို့လေ့ကျင့်ရေးကွင်းကိုပြင်ဆင်မှုတွေလုပ်နေရတော့ အကယ်ဒမီကလေးတွေရဲ့ ကွင်းမှာသွားလေ့ကျင့်ရပါတယ်။ အဲဒီမှာ ဒီလစ်က မကြာမကြာ ကျွန်တော်တို့ဘယ်လိုတွေလေ့ကျင့်နေလဲဆိုတာ လာကြည့်ပြီး သူ့အမြင်တွေကိုလည်း ဝေမျှပေးလေ့ရှိပါတယ်။ သူကအရမ်းကို စူးစမ်းလိုစိတ်ရှိပြီး ပွင့်လင်းတဲ့ လူငယ်တယောက်ဖြစ်ပါတယ်။”
ဂျက်စပါ ဗန်လီဝမ် (ယခင် အိုင်းယက်စ် အကယ်ဒမီလူသစ်စုဆောင်းရေး ဥက္ကဋ္ဌ)
ဗာရန်းလိုစီနီယာကစားသမားတယောက်ကို လက်လွှတ်ထားခဲ့ရတဲ့အတွက် ဒီလစ်ရဲ့ ဦးဆောင်နိုင်စွမ်းဟာလည်း ဒီခေါ်ယူမှုမှာ အရေးပါတဲ့အစိတ်အပိုင်းတခုအဖြစ် ပါဝင်နေပါတယ်။
ဒီမတိုင်ခင်ကလည်း သူ့အနေနဲ့ မန်ချက်စတာကိုရောက်လာဖို့ နီးစပ်ခဲ့ဖူးပါတယ်။ ၂၀၁၉ ခုနှစ်မှာ ဂွာဒီယိုလာရဲ့မျက်စိကျမှုနဲ့အတူ စီးတီးကနေ သူ့ကိုချဉ်းကပ်ခဲ့ဖူးပါတယ်။ အဲဒီတုန်းက ဒီလစ်ရဲ့အေးဂျင့် ရွိုင်အိုလာနဲ့ ဂွာဒီယိုလာတို့ကြားမှာ ငြိခဲ့တဲ့အပိုင်းလေးတွေရှိလို့ စီးတီးဘက်က အဆုံးထိမလိုက်တော့ပဲ လက်လျှော့ခဲ့တာဖြစ်ပါတယ်။ ဒီလိုနဲ့ ဂျူဗီကနေပဲ လက်ဦးပြီး ယူရို ၇၅ သန်းနဲ့ခေါ်ယူသွားခဲ့တာပါ။
ဒီတခါမှာတော့ မန်ချက်စတာရဲ့အနီရောင်ဘက်ခြမ်းကိုဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့ပါပြီ။ အသင်းရဲ့ စီစဉ်ပေးမှုနဲ့ လင်မယားနှစ်ယောက်နေဖို့ အိမ်လေးတလုံးလည်း ရှိနေပါပြီ။ ဒီလစ်နဲ့နီးစပ်သူတယောက်ရဲ့ စကားအရ ယူနိုက်တက်အသင်းရဲ့ ကြိုဆိုမှုဟာ ပရော်ဖက်ရှင်နယ်ဆန်ပြီး အရမ်းကိုနွေးထွေးမှုရှိတယ်လို့ ဆိုပါတယ်။
ဒါကတော့ ဒီနွေမှာရောက်လာတဲ့ လူသစ်တွေအတွက် တူညီတဲ့အချက်တခုလို့လည်းဆိုရမှာဖြစ်ပါတယ်။ မက်ဇ်ရာဝီရောက်တဲ့အချိန်မှာလည်း ယူနိုက်တက်ရဲ့ ကစားသမားရေးရာဝန်ထမ်းတွေကနေ သူ့ကို မြို့ထဲက ဗလီတွေ၊ ဝတ်ပြုတဲ့နေရာတွေကို ပြသပေးဖို့ မွတ်စ်လင်မ် ခေါင်းဆောင်တယောက်နဲ့အတူ စီစဉ်ပေးခဲ့ပါတယ်။
တန်ဟက်အနေနဲ့ ဒီကစားသမားနှစ်ယောက်လုံးကို ချက်ချင်း ပွဲထွက်ကစားဖို့ အဆင်သင့်ဖြစ်နေစေချင်တဲ့အတွက် နေရာသစ်မှာ သက်တောင့်သက်သာရှိပြီး အလျင်အမြန်အသားကျအောင်စီစဉ်ပေးဖို့ကလည်း အရေးပါခဲ့တာဖြစ်ပါတယ်။
သူ့မှာ အလားအလာကောင်းတွေအများကြီးရှိနေပါတယ်။ ဒါပေမဲ့ သူက အိုင်းယက်စ်၊ ဂျူဗင်တပ်စ်၊ ဘိုင်ယန်မြူးနစ်တို့အတွက်လည်း ၃၇၅ ပွဲလောက် ကစားပေးခဲ့ပြီးပါပြီ။ အခုဆိုရင် သူ့ရဲ့အကောင်းဆုံးနှစ်တွေထဲကို ရောက်လာတော့မှာပါ။ သူ့မှာ ကစားသမားကောင်းတယောက်ရဲ့ အရည်အသွေးတွေအပြင် စရိုက်လက္ခဏာကောင်းတွေလည်းရှိပါတယ်။ ကျွန်တော်သူ့ကို ခေါ်ယူနိုင်ခဲ့တဲ့အတွက် တကယ်ကို ဝမ်းမြောက်မိပါတယ်။”
အဲရစ်တန်ဟက်
ဒီလစ်ရဲ့ ပထမဆုံးပရီးမီးယားလိဂ်ပွဲဦးထွက်ဟာ ဘရိုက်တန်နဲ့ အဝေးကွင်းပွဲစဉ်ဖြစ်လာနိုင်ပါတယ်။ ဒါဟာ သူ့ရဲ့ကိုယ်အတွင်းထဲက ကလေးငယ်ကို လှုပ်နှိုးပေးပါလိမ့်မယ်။ ယူနိုက်တက်ကတော့ အတွေ့အကြုံရှိတဲ့ ကစားသမားတယောက်အပြင် အဲဒီ စိတ်သစ်လူသစ်လေးကို အပိုဆုအဖြစ်ရရှိလိုက်တာပဲဖြစ်ပါတယ်။
(The Athletic ကလောင်ရှင် Jacob Whitehead ရဲ့ “De Ligt to Man Utd – inside the deal: Ten Hag’s texts, perfect profile… and lifelong love” ဆောင်းပါးကို အစအဆုံး ဆီလျော်အောင် ဘာသာပြန်တင်ဆက်ပေးထားတာဖြစ်ပါတယ်။)
Translated by Min Khant Bo
Subscribe







