မန်ယူနိုက်တက်ဟာ ပထမဆုံးမိနစ် ၃၀ မှာ ပရိသတ်တွေဆီ ပေးခဲ့တဲ့ စိတ်ဒုက္ခတွေကို ၃ ဂိုးသွင်းပြီး ချေဖျက်ပေးလိုက်ပါတယ်။ စိတ်လှုပ်ရှားစရာကောင်းတဲ့ ခြေစွမ်း၊ တည်ငြိမ်တဲ့ အသွင်အပြင်နဲ့ မဟုတ်ပေမဲ့ ဆိုးဆိုးရွားရွား ဖြစ်နေတဲ့ အခြေအနေတွေကြားထဲမှာတော့ ဒီအနိုင်ရလဒ်ဟာ ခေတ္တ ခိုနားချင်စရာ အိုအေစစ်ကလေးတစ်ခုပါပဲ။ ဒုက္ခတွေနဲ့ ပိန်းပိတ်အောင် မှောင်နေတဲ့အချိန်မှာ ဖျတ်ခနဲ အလင်းရောင်ကလေး မြင်လိုက်ရတဲ့အခါ ကျေနပ်ဖို့ကောင်းတယ် မဟုတ်ပါလား။
ယူနိုက်တက်တို့ရဲ့ ခြေစွမ်းကျဆင်းနေမှုက ဘယ်လောက်အထိ ဆိုးသလဲဆိုရင် ပထမပိုင်းမိနစ် ၃၀ စလုံး ဆောက်သမ်တန်ရဲ့ မောင်းနှင်မှုအောက်ကနေသာ လိုက်ကစားခဲ့ရတယ်။ ပွဲစကတည်းက ယူနိုက်တက် ကစဉ့်ကလျားဖြစ်နေခဲ့ပြီး ပွဲချိန် ၁၀ မိနစ်လောက်မှာတော့ ပထမဆုံး အကြီးအကျယ် ခြိမ်းခြောက်မှုအဖြစ် ဆောက်သမ်တန်လူငယ်ကစားသမား ဒစ်ဘလင်း တစ်ယောက်တည်း လွတ်လွတ်ကျွတ်ကျွတ် ဆွဲပြေးကန်ထည့်တာကို ခံခဲ့ရတယ်။ အဲဒီနောက်မှာလည်း တောက်လျှောက်ဆိုသလို ဆောက်သမ်တန်ရဲ့ ဖိအားပေးမှုကို ဆက်တိုက်ခံရတယ်။ လုပ်အားနှုန်းတစ်ခုတည်းနဲ့ တင်ကစားနေတာကို ယူနိုက်တက်က မထိန်းနိုင်ခဲ့ဘူး။ ဝေါ်လ်ကာပီတာစ်ရဲ့ ပေးပို့မှု ကပ်လွဲတာ၊ ဆူဂါဝါရာရဲ့ ဖြတ်တင်ဘောကို ဒီလစ် လက်မတင်ကလေး တားဆီးနိုင်ခဲ့တာတွေကြောင့်သာ ယူနိုက်တက် သက်သာရာရခဲ့တယ်။
ဒါပေမဲ့ ပွဲချိန်မိနစ် ၃၀ မှာ ဒါလို အမှားကြီး ကျူးလွန်ပြန်ပါတယ်။ ဒစ်ဘလင်းကို မလိုအပ်ဘဲ ဆလိုက်ထိုးဖျက်တာ တိုင်မင်မကိုက်ဘဲ ပယ်နယ်တီပေးလိုက်ရတယ်။ ဒါလိုက ပထမပိုင်းမှာ တော်တော်ခြေပျက်နေခဲ့ပြီး ဒစ်ဘလင်းလို ချာတိတ်လေး လုပ်ချင်တိုင်းလုပ်တာကို ခံနေရတယ်။ ရလာတဲ့ ပယ်နယ်တီကို ကင်မရွန်အာချာ ကန်သွင်းခဲ့တာ ကန်ချက်ညံ့လွန်းလို့ ဂိုးသမား အိုနာနာ ပိုင်ပိုင်နိုင်နိုင် ကာကွယ်နိုင်လိုက်တယ်။ ဒီအချိန်က ပွဲရဲ့ Turning point ပါပဲ။ ပယ်နယ်တီလွဲအပြီး မိနစ်ပိုင်းအကြာမှာ ယူနိုက်တက် အဖွင့်ဂိုး ရခဲ့ပြီး ဒီအချိန်ကနေစလို့ ပွဲဟာ ယူနိုက်တက်ရဲ့ ပွဲ ဖြစ်သွားခဲ့တယ်။
အစောပိုင်းမိနစ် ၃၀ မှာ ယူနိုက်တက် ကစားပုံ ညံ့ဖျင်းလွန်းခဲ့ပေမဲ့ Transitional play တွေက ကောင်းမွန်သပ်ရပ်ခဲ့တယ်။ အာမတ်ဒီယာလို−အဲရစ်ဆင်အတွဲရဲ့ ဖန်တီးမှုကနေ ဇစ်ခ်ဇီး အပိုင်ပိတ်ခွင့်ရခဲ့တာ၊ ဒီယာလိုနဲ့ ဘရူနိုတို့ ထိုးဖောက်နိုင်ခဲ့ခြင်းတွေက ယူနိုက်တက်ရဲ့ အန္တရာယ်ကို ပြပါတယ်။ ဂိုးရတော့လည်း အဲဒီ Transitional play ကနေ မြစ်ဖျားခံခဲ့တယ်။ ဇစ်ခ်ဇေးနဲ့ ရပ်ရှ်ဖို့ဒ်တို့ရဲ့ လျင်မြန်သပ်ရပ်တဲ့ ဝမ်းတူးနှစ်ဆင့်ရိုက် တွဲလုံးကနေ ဇစ်ခ်ဇေး လှမ်းကန်တာ ထောင့်ကန်ဘော ဖြစ်တယ်။ အဲဒီထောင့်ကန်ဘောကို အဲရစ်ဆင်က အတိုပေး၊ ဘရူနိုက ဖြတ်တင်ပြီး ဒီလစ်က ယူနိုက်တက်ကစားသမားဘဝ ပွဲဦးထွက်ဂိုးကို သွင်းယူသွားခဲ့တယ်။ နိုင်ငံတကာရက်သတ္တပတ်မှာ အမှားတွေ ကျူးလွန်ပြီး ပြန်လာတဲ့ ဒီလစ်အတွက် ဒီဂိုးက အင်မတန် အရေးပါသလို၊ ယူနိုက်တက်ကိုလည်း ရောက်နေတဲ့ ဒုက္ခတွင်းထဲက ဆွဲထုတ်ခဲ့ပါတယ်။
အဲဒီနောက်ပိုင်း ယူနိုက်တက် ကစားအားတက်လာပြီး ဆောက်သမ်တန်က ကစားချင်ဇော အားကြီးမှုရဲ့ ဘေးထွက်ဆိုးကျိုးတွေကို ခံလာရတယ်။ တစ်ကြိမ်ပြီး တစ်ကြိမ် လန်ကျနေတဲ့ ဆောက်သမ်တန်ရဲ့ တည်ဆောက်မှုတွေကနေတစ်ဆင့် ယူနိုက်တက်ဟာ Transitional play တွေကို လျင်မြန်စွာ သွတ်သွင်းပြီး ဆောက်သမ်တန်ကို ထိုးနှက်တယ်။ ဒီထိုးနှက်မှုတွေကနေ ရလာတဲ့ ထောင့်ကန်ဘောကို အခြေပြုပြီး ယူနိုက်တက် နောက်တစ်ဂိုး သွင်းနိုင်ခဲ့ပြန်တယ်။ ဒီတစ်ကြိမ်မှာတော့ မတ်လကတည်းက ဂိုးပေါက်ပျောက်နေတဲ့ ရပ်ရှ်ဖို့ဒ် သွင်းယူခဲ့တာပါ။ ခက်ခဲတဲ့ အနေအထားကို ကန်သွင်းခဲ့တာဖြစ်ပြီး ဂိုးဝင်သွားတဲ့အတွက် လှပတဲ့ဂိုး၊ ချီးကျူးခံရမယ့် ဂိုး ဖြစ်လာပါတယ်။ ပထမပိုင်းက ဒီ ၂ ဂိုးကြောင့် ပွဲရဲ့ အခြေအနေက လုံးဝ ပြောင်းလဲသွားတယ်။
ဒုတိယပိုင်းပြန်စတော့လည်း ဆောက်သမ်တန် ဘာမှမလုပ်နိုင်တော့ဘူး။ ဘောလုံးတည်ဖို့ ကြိုးစား၊ ဖောက်ဖို့ ကြိုးစားရင်း ဘောလုံးတွေ ပျက်ခဲ့ပြီး ပျက်တဲ့အကြိမ်တိုင်းမှာ ယူနိုက်တက်ဟာ ဆောက်သမ်တန်ကို ဒုက္ခပေးပါတယ်။ တကယ်လို့ ဆောက်သမ်တန်သာ ပိတ်ကစားဖို့ ကြိုးစားမယ်၊ စုစုစည်းစည်းနဲ့ ခံစစ်ကစားမယ်ဆို ယူနိုက်တက် ဒီလောက် လွယ်မှာ မဟုတ်ဘူး။ စိန့်တို့ဟာ ပထမပိုင်းမိနစ် ၃၀ မှာ ဖြစ်ခဲ့တာတွေကြောင့် စိတ်ဓာတ်တက်ကြွလွန်းသွားခဲ့ပြီး ပယ်နယ်တီက သူတို့ကို စိတ်ဓာတ်ပျက်ပြားစေတယ်။ ယူနိုက်တက်ရဲ့ ၂ ဂိုးက သူတို့ကို ပလန်ပျောက်သွားစေခဲ့တယ်။ မထူးတော့တဲ့ အခြေအနေမှာ တက်ဖောက်ဖို့ ကြိုးစားရင်း ယောင်ချာချာဖြစ်ပြီး ကိုယ်ပဲ ပြန်ထိုးဖောက်ခံခဲ့ရတာ ဖြစ်ပါတယ်။ Transitional play ဆိုတာ ယူနိုက်တက် အကြိုက်ဆုံးကစားခွင်ပါပဲ။
ဒီပွဲမှာ ယူနိုက်တက်ဟာ ဒီပုံစံအတိုင်း ကစားဖို့ လာခဲ့သလားဆိုတာကို ဘယ်သူမှ သေချာမသိနိုင်ပါဘူး။ အဲရစ်တန်ဟက်ဂ်က Octane pressing, possession-based playstyle တစ်ခုဆီ သွားဖို့ ခြေလှမ်းတွေ ပြုလုပ်နေခဲ့တာကြောင့် ဆောက်သမ်တန်လို တန်းတက်အသင်းနဲ့ပွဲမျိုးမှာ ကိုယ်ကပဲ တိုက်စစ်ဖိကစားမယ်လို့ ယေဘုယျအားဖြင့် တွေးကြည့်ရမှာပါ။ ဒါပေမဲ့ ဆောက်သမ်တန်က တိုက်စစ်ကို အားအများကြီး ထည့်ခဲ့တာကြောင့် ပထမပိုင်းမိနစ်တွေက ယူနိုက်တက်ကို ခံစစ်အသင်းလို ဖြစ်သွားစေတယ်။ ဒါကပဲ ယူနိုက်တက်ကို ပိုကောင်းလာစေတယ်။ လက်ရှိအနေအထားအရ ဒီပုံစံက အသင်းအတွက် ပိုကောင်းတဲ့ ဖွဲ့စည်းပုံပါ။ ယူနိုက်တက်ရဲ့ အားအသန်ဆုံး လက်နက်ဖြစ်တဲ့ Transitional play ကို အကြိမ်များစွာ အသုံးချခွင့် ရခဲ့ပြီး ယူနိုက်တက်ကစားသမားများစွာ လွတ်လွတ်လပ်လပ် အသက်ရှူချောင်ချောင် ကစားခွင့်ရခဲ့တယ်။ Pressing အတင်းလုပ်ဖို့ ကြိုးစားတဲ့ပုံစံတဲ့ သိပ်မမြင်ရတော့ဘဲ ခံစစ်ကို ပိုကျစ်လျစ်အောင် နေရာယူလာတယ်။
ဒါကြောင့် အဲရစ်တန်ဟက်ဂ်ရဲ့ ပထမရာသီတုန်းက ယူနိုက်တက်ရဲ့ပုံစံတွေ ပြန်မြင်တွေ့ခဲ့ရပါတယ်။ နောက်ထပ် အရေးပါတဲ့ တစ်ချက်က ဘောလုံးကိုယ်ခြေထဲ ရှိတဲ့အချိန်မှာ မိန်နူးကို Single pivot ဆန်ဆန် ကစားစေတာ ဖြစ်ပြီး အဲရစ်ဆင်က သူနဲ့ လိုက်ဖက်တဲ့ LCM ပုံစံ၊ ဘရူနိုက RCM ပုံစံမျိုး ကစားသွားတာပါ။ ဒါက ယူနိုက်တက်ရဲ့ Passing စီးဆင်းပုံ မြန်ဆန်စေတဲ့အချက်တစ်ချက်လို့ ယူဆမိတယ်။ လီချာအတွက်လည်း လိုင်းတွေ ပိုပွင့်လာပြီး Inverted full back တွေအဖြစ် ကွင်းလယ်ထဲ ပူးပေါင်းပါဝင်လာမယ့် ဒါလိုနဲ့ မက်ဇ်ရာအိုအီအတွက်လည်း ပိုအဆင်ပြေတယ်။ လီချာဆီကရော အဲရစ်ဆင်ဆီကပါ Progressive pass တွေ များစွာ တွေ့ခဲ့ရပါတယ်။
ရှေ့ကို Progress လုပ်နိုင်ပြီဆိုတာနဲ့ တစ်ဦးချင်းထူးချွန်သူတွေရှိတဲ့ ယူနိုက်တက်အတွက် ဆောက်သမ်တန်ကို ကျော်ဖြတ်ဖို့ စိုးရိမ်စရာ များများစားစား မရှိတော့ဘူး။ ဒီနေရာမှာ အရေးပါတာတစ်ခုက အာမတ်ဒီယာလိုပါ။ သူရဲ့ Progressive carries တွေကလည်း တော်တော်ကောင်းတယ်။ ဆုံးဖြတ်ချက်ချတဲ့အပိုင်းမှာ ပြည့်စုံဖို့လိုသေးပေမဲ့ ရှေ့ပွဲတွေကထက် တိုးတက်လာတာ မြင်ရပြီး သူ ဘောလုံးသယ်သွားတာ၊ ပေးပို့တာတွေက အသင်းရဲ့ တိုက်စစ်ကို သိသာစွာ အကျိုးပြုခဲ့ပါတယ်။ အခွင့်အရေးဖန်တီးမှုတွေလည်း အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့တယ်။ ဘရူနိုကတော့ အရင်ပုံစံနဲ့ နည်းနည်းလေးကွဲပြီး ညာဘက်ယိုင်တဲ့ ချဉ်းကပ်မှုကို မြင်ရတယ်။ သူ့ဘာသာ ခြေမတွေ့လို့ တစ်ကိုယ်ရည်ခြေစွမ်း မပြနိုင်ခဲ့ပေမဲ့ သူ နောက်နည်းနည်းဆုတ်လာခြင်းက ဇစ်ခ်ဇေးကို ပိုနေရာပေးနိုင်ခဲ့တယ်။
နေရာအကျယ်ကြီး ရယူပြီး ကစားသွားတဲ့ ဇစ်ခ်ဇေးဟာ အဆုံးသတ်အားနည်းမှုတွေကြောင့် ဂိုးမသွင်းနိုင်ခဲ့ပေမဲ့ အသင်းရဲ့ ကစားကွက်မှာ ပူးပေါင်းပုံ၊ အခွင့်အရေးတွေ ခင်းကျင်းပုံ၊ ရွေ့လျားကစားပုံ ကဏ္ဍများစွာမှာ အပေါင်းလက္ခဏာကြီးကြီး အကျိုးပြုခဲ့တယ်။ ဘောလုံးကို ခပ်ရဲရဲ ကိုင်ထားနိုင်ပြီး ဘောလုံးမြဲသလို၊ ပေးပို့မှုတွေ တစ်ဦးချင်းကျော်ဖြတ်မှုတွေက အဆင့်မြင့်တယ်။ ဒါပေမဲ့ အဆုံးသတ်ပိုင်းကတော့ မေးခွန်းထုတ်စရာပဲ။ သွေးအေးတဲ့ အဆုံးသတ်မှုကို ပြုလုပ်ပေမဲ့ သူ ရွေးချယ်လိုက်တာက မှားမှားသလို ဖြစ်နေတယ်။
ဒီပွဲမှာ မဖြစ်မနေ ထည့်ပြောရမှာက ကိုယ်တိုင်ရဲ့ငရဲကနေ လွတ်မြောက်နိုင်ခဲ့တဲ့ ဒီလစ်နဲ့ ရပ်ရှ်ဖို့ဒ်ပါပဲ။ နှစ်ယောက်စလုံး ဆိုးရွားတဲ့ အခိုက်အတန့်တွေနဲ့ ရင်ဆိုင်နေခဲ့ရပြီး ဒီနေ့ပွဲစွမ်းဆောင်ရည်က သူတို့ကို ဖိအားတောထဲက ဆွဲထုတ်ပေးနိုင်ပါတယ်။ ဒီလစ်က ဂိုးသွင်းပြီးနောက်ပိုင်းမှာ ပိုကောင်းလာတာ မြင်ရပြီး အာမတ်ဒီယာလို ဖြစ်သလို လူလှမ်းပေးလို့ လှမ်းမာန်နေတာတောင် မြင်လိုက်ရတယ်။ ဒီလစ်က အိုင်းယတ်စ်မှာ ငယ်ငယ်ရွယ်ရွယ်နဲ့ အသင်းခေါင်းဆောင်ဖြစ်ခဲ့တဲ့ ခေါင်းဆောင်တစ်ဦးပါ။ အဲဒီလိုယုံကြည်မှုတွေ ပြန်ရလာရင် ပုံမှန်ခြေစွမ်း ပြန်ရဖို့လည်း မဝေးတော့ပါဘူး။ ရပ်ရှ်ဖို့ဒ်လည်း တစ်ချိန်ကဖြစ်ခဲ့ဖူးတဲ့ သူ့ကိုယ်သူ ပြန်ရှာရပါဦးမယ်။ ဒီပွဲစွမ်းဆောင်ရည်တွေက အဲဒီရှာဖွေခြင်းအတွက် ပထမခြေလှမ်းတွေ ဖြစ်မလား စောင့်ကြည့်ရဖို့ ရှိပါမယ်။
ပွဲကို ယူနိုက်တက် အပြတ်အသတ် စီးမိုးထားနိုင်ပြီးချိန် ဆောက်သမ်တန်က အနီကတ်ထိခဲ့ပြန်ပြီး အသင်းခေါင်းဆောင် ဂျက်စတီဖန်စ်ရဲ့ High heel ဖျက်ထုတ်မှုဟာ အနီကတ်နဲ့ ထိုက်တန်ခဲ့တယ်။ ဂါနာချိုရဲ့ ဒူးခေါင်းကို ယောင်ယောင်ကလေးလောက်ပဲ ထိခဲ့လို့ သက်သာရာရခဲ့တာပါ။ ပွဲပန်းနေတဲ့ ကစားသမားတွေ များတဲ့ ယူနိုက်တက်ဟာ ဂိုးတွေ သွင်းဖို့ထက် ပွဲကို ထိန်းဖို့ ဦးစားပေးခဲ့ပြီး အောင်လည်း အောင်မြင်ခဲ့ပါတယ်။ ဒီကြားထဲမှာ အပိုဆု ထပ်ရခဲ့တာပါ။ လူစားဝင်လာတဲ့ ကက်စီမီရိုရဲ့ အကွက်မြင်မြင်ချပေးမှုကနေ ဒါလိုက ပြေးထွက်ပြီး အနိမ့်ဖြတ်တင်ပေးပို့အပေး၊ ဂါနာချိုက အလိုက်သင့် ပြေးဝင် ကန်သွင်းရင်း တတိယဦးဆောင်ဂိုး ရယူပေးသွားတာဖြစ်ပါတယ်။ အမှားတွေကြောင့် ဖိအားများနေတဲ့ ကက်စီမီရိုအပြင် ဒီပွဲမှာ အမှားအကြိမ်ကြိမ် လုပ်ခဲ့တဲ့ ဒါလိုအတွက်ပါ ဖိအားလျော့ဆေး ပြန်တွေ့သွားခဲ့တာပါ။ ဂါနာချိုကလည်း သူ့ရဲ့ ဂိုးသွင်းအားကို ပြသနိုင်ဆဲဖြစ်လို့ ဒီဂိုးဟာ ရလဒ်အတွက် အရေးမပါဘူးဆိုသော်ငြားလည်း အခြားရှုထောင့်ကနေတော့ အသင်းအတွက် များစွာ အရေးပါခဲ့တယ်။
ခြုံပြောရရင် ဒီပွဲဟာ လတ်တလော ကြုံနေရတဲ့ အခက်အခဲတွေ၊ အမှားအယွင်းတွေ၊ ကျဆုံးမှုတွေကနေ ခေတ္တ လွတ်ကင်းသွားဖို့ ကြီးမားစွာ အကူအညီပေးပါတယ်။ ကစားသမားတစ်ဦးချင်းစီအတွက် အဆင်ပြေတာတွေ များခဲ့ပြီး အသင်းလိုက်ဟန်ချက်မှာလည်း အဲရစ်တန်ဟက်ဂ်ကို တွေးစရာတွေ ပြန်ပေးခဲ့တယ်။ ဒီအခြေအနေကို အမှန်ကန်ဆုံး အသုံးချနိုင်မလားဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရပါဦးမယ်။
Subscribe





