ရှေ့ကို ခြေတစ်လှမ်းတောင် မလှမ်းရသေးခင်မှာ ယူနိုက်တက်က နောက်ကို ခြေနှစ်လှမ်းလောက် ပြန်ဆုတ်နေခဲ့ပြီ။ လီဗာပူးလ်အတွက် လွယ်ကူလွန်းတဲ့ ပွဲဖြစ်အောင် ယူနိုက်တက်တို့ ကစားခဲ့ပြီး သူများ ပါးစပ်ပေါက်အထိ ထမင်းခွံကျွေးတဲ့ အမှားတွေကို ဆက်တိုက်ပြုလုပ်ခဲ့တယ်။ လွန်ခဲ့တဲ့နှစ်တွေက ဖြစ်ဖူးခဲ့တဲ့ ၇−၀ တို့၊ ၀−၅ တို့ ဖြစ်နိုင်ခြေရှိခဲ့ပြီး ၀−၃ ဂိုးနဲ့ ပြီးသွားတာပဲ တော်ရော့တယ်လို့ ပြောရလောက်အောင် ယူနိုက်တက်တို့ ပျက်ယွင်းကျဆုံးခဲ့တယ်။ ယူနိုက်တက်ဟာ တိုက်စစ်ကနေ ခံစစ်အထိ စိတ်ပျက်စရာများနဲ့ အပြည့်ပါပဲ။
ကက်စီမီရိုကတော့ တရားခံကြီးပေါ့။ လက်ရှိအသင်းမှာ အတွေ့အကြုံအရင့်ဆုံး၊ ဆုဖလားတွေနဲ့ အရင်းနှီးဆုံး ကစားသမားတစ်ဦးဟာ အမှားတွေနဲ့ချည်း ပြည့်နှက်နေခဲ့တယ်။ ဒါဟာ ရလဒ်ပိုင်း၊ ကစားကွက်ပိုင်း၊ စိတ်ဓာတ်ပိုင်းဆိုတဲ့ ကဏ္ဍအားလုံးမှာ အသင်းကို ဆွဲချသွားခဲ့ပါတယ်။ ပထမပိုင်းပဲ ကစားတာတောင် Possession ဆုံးရှုံးမှုက ၁၃ ကြိမ်အထိ ရှိခဲ့ပြီး ပေးပို့မှု ၃၇ ကြိမ်မှာ ၁၀ ကြိမ်လွဲခဲ့တယ်။ ပေးလိုက်ရတဲ့ ၂ ဂိုးအတွက် တာဝန်အရှိဆုံးကလည်း သူပဲ။ လူပေးမှားခြင်းကရော၊ လွယ်လွယ်ကူကူ အလုခံလိုက်ခြင်းကရော လက်ခံပေးလို့ရတဲ့ အတိုင်းအတာထဲမှာ ရှိမနေဘဲ အဆိုးရွားဆုံး အမှားတွေ ဖြစ်ခဲ့တယ်။ တကယ်တော့ ကက်စီမီရိုတင် မဟုတ်ဘဲ တန်ဟက်ဂ်မှာလည်း ထပ်တူ တာဝန်ရှိပါတယ်။
ဒီလိုဖြစ်လာဖို့လည်း ပွဲက နိဒါန်းပျိုးနေပြီးသားလို့ ဆိုရမှာဖြစ်ပြီး ဒါဟာ တန်ဟက်ဂ် ကစားစေတဲ့ ပုံစံနဲ့လည်း သက်ဆိုင်နေတယ်။ ယူနိုက်တက်က ထုံးစံအတိုင်း ၄−၂−၄ နဲ့ ၄−၄−၂ ပုံစံကြားထဲကနေ လီဗာပူးလ်ရဲ့ ကစားကွက်တည်ဆောက်မှုကို အပြင်းအထန် ဖိအားပေး Octane pressing လုပ်ဖို့ ကြိုးစားခဲ့တယ်။ ဒါပေမဲ့ ပြဿနာက Pressing vanguard လို့ခေါ်တဲ့ ရှေ့ဆုံးက ပြေးလုသူတွေ အက်ရှင်စပြီဆိုရင် နောက်လိုင်းကလူတွေကလည်း လွတ်လာတဲ့ဟာကွက်တွေကို လုံးဝမထိန်းချုပ်နိုင်တာပါပဲ။ ယူနိုက်တက်မှာ အဲဒီလစ်ဟာမှုက အကြီးကြီးပဲ။ လီဗာပူးလ်ဘက်က Pressing ပေး၊ ကိုယ့်ဘက်က ကစားကွက်တည်ဆောက်ရမယ့် အချိန်ကျတော့လည်း ပြောင်းပြန်။ လီဗာပူးလ်က လုပ်ရမယ့်အတိုင်း ကွက်တိလုပ်နေခဲ့ပြီး ယူနိုက်တက်က ဖိအားဝင် အလွဲလွဲ အချော်ချော်တွေ ဖြစ်ခဲ့တယ်။
ယူနိုက်တက်က လိုက်လု၊ လီဗာပူးလ်က ဘောလုံးကိုင်ထားတဲ့ အချိန်တွေကို ကြည့်ကြည့်တဲ့အခါ ယူနိုက်တက် အောင်မြင်စွာ ဘောလုံးလုယူဖြတ်တောက်နိုင်တဲ့အချိန် အလွန်နည်းတာကို မြင်ရလိမ့်မယ်။ လီဗာပူးလ်က ၄−၂−၃−၁ ပုံစံနဲ့ ကစားပြီး ကစားကွက်အခြေကို ဗန်ဒိုက်ခ်−ကိုနာတေနဲ့ ဂရာဖန်ဘတ်ခ်−မက်ကာလစ္စတာတို့ရဲ့ အထိုင်ကနေ စတည်တယ်။ အနား ၄ နားရှိတဲ့ စတုဂံတစ်ခုပေါ့။ ဒီစတုဂံဘေးကို အာနိုးလ်၊ ဆောဘော့ဇ်လိုင်းတို့က ရောက်လာပြီး အနား ၅ နားဖြစ်အောင် ဝန်းရံပေးတယ်။ ဒါကြောင့် Passing option တွေ အများကြီး ပေါ်လာတယ်။ ဒီပွဲမှာဆိုရင် အာနိုးလ်ဟာ ရှေ့ပွဲတွေနဲ့မတူဘဲ ကလော့ပ်လက်ထက်က Underlapping full back အနေနဲ့ ကွင်းလယ်ထဲ အကြိမ်များစွာ ပေါင်းကစားခဲ့တာ မြင်နိုင်တယ်။ ဆောဘော့ဇ်လိုင်းကတော့ ရေလိုပဲ ရွေ့လျားနေတဲ့ ကစားသမား။ သူတို့ရဲ့ နေရာယူပုံတွေကို ကြည့်လိုက်ရင် တစ်ဦးနဲ့တစ်ဦး အချိတ်အဆက်မိနေတာကို တွေ့ရတယ်။ ယူနိုက်တက်က လိုက်လုတဲ့အချိန်မှာ အဲဒီတိုင်မင်ကို ကိုက်အောင် လိုက်မကစားနိုင်ဘူး။
ကိုယ်က ဘောလုံးကိုင်တော့လည်း အားနည်းချက်တွေ အများကြီး ရှိပြန်တယ်။ ကွင်းလယ်အထိုင်မှာ Elite passer မရှိခြင်းကြောင့် ဒုက္ခရောက်ပုံကို ရှေ့ ၂ ပွဲမှာ မြင်ပြီးသားပါ။ ဒီပွဲမှာ ပိုဆိုးတာက သာမန်တောင် မပေးနိုင်တော့တာပဲ။ ဒါက လီဗာပူးလ်ရဲ့ ဖိအားပေးပုံကောင်းမွန်မှုကြောင့် ပါသလို၊ ကိုယ်တိုင်ကလည်း အားနည်းလို့ ဖြစ်တယ်။ အားနည်းခြင်းဆိုရာမှာ တစ်ဦးနဲ့တစ်ဦး ဝေးကွာစွာ နေရာယူထားခြင်းက အဓိက အကျဆုံး ပါဝင်တယ်။ Own third ကနေ Middle third ၊ ပြီးတော့မှ Final third တစ်ရစ်ချင်း တစ်လိုင်းချင်းစီ ကစားကွက်တည်ဆောက်တဲ့နေရာမှာ ယူနိုက်တက်က တစ်နေရာမှ အဆင်မပြေဘူး။ အဲဒီအဆင့်တိုင်းမှာလည်း အသင်းဖော်တွေရဲ့ အားတက်သရော ကူညီမှုကို မရရှိဘူး။ ဒါက ကစားသမားတစ်ယောက်ချင်းစီနဲ့တင် မဟုတ်ဘဲ လေ့ကျင့်ရေးမှာ ဘယ်လိုလေ့ကျင့်ထားသလဲ၊ နည်းပြ ဘယ်လိုခိုင်းထားသလဲဆိုတာတွေနဲ့ပါ ဆိုင်တယ်။
ဘောလုံးကိုင်ကစားခြင်းရဲ့ အခြေခံမှာ ကစားသမားတွေဟာ Triangle တြိဂံပုံစံတွေပေါ်အောင် နေရာယူပေးရတယ်။ ဒါမှ ဘောလုံးလက်ကိုင်ရှိတဲ့ကစားသမားဟာ ပေးစရာလမ်းကြောင်း ၂ ခုရှိမှာ ဖြစ်တယ်။ Pressing အသင်းက ဒါကို ရအောင်၊ ကျုံ့အောင် လိုက်ပိတ်တယ်။ Possession အသင်းက ဒါကို ပွင့်အောင် ကစားတယ်။ ယူနိုက်တက် ခံစစ်က ဘောလုံးတည်ဆောက်ပြီဆိုရင် ပေးစရာ Option ၂ ခုဖြစ်နေတဲ့ တြိဂံပုံစံ နေရာယူမှုတွေ ဘယ်နှကြိမ်များ တွေ့ရလို့လဲ။ ဒါကြောင့် ဘောလုံးတွေ အလွယ်တကူ ဆုံးရှုံးသွားတာ မဆန်းဘူး။ ပိုဆိုးတာက နေရာယူပုံတွေက အဝေးကြီး။ လီဗာပူးလ်ဆိုရင် ယူနစ်တစ်ခုနဲ့တစ်ခု သက်သောင့်သက်သာ အကွာအဝေးမှာ ကပ်နေကြတဲ့အပြင် တစ်ချိန်လုံး လာကူညီနေတဲ့၊ လာပေါင်းစပ်ပေးနေတဲ့ ကစားသမားတွေချည်းပဲ။
ဆိုတော့ နှစ်သင်းကို ယှဉ်ကြည့်လိုက်ရင် အထပ်ထပ်လေ့ကျင့်ထားသူနဲ့ လုံးဝမလေ့ကျင့်ထားသူလို အကွာကြီး ကွာနေတယ်။ လီဗာပူးလ်က ပိုင်ပိုင်နိုင်နိုင် ရှိလွန်းလှချိန်မှာ ယူနိုက်တက်ကတော့ ယောင်ချာချာပဲ။ တန်ဟက်ဂ်ကတော့ ပွဲကို ကောင်းကောင်း စတင်နိုင်ခဲ့ကြောင်း၊ လီဗာပူးလ်က ဂိုးသွင်းသေချာလို့ ဖြစ်ကြောင်း ပွဲအပြီးမှာ ပြောသွားတော့ ပြန်စဉ်းစားကြည့်မိတယ်။ ဘယ်တုန်းက ပွဲကို ကောင်းကောင်း စတင်လိုက်တာလဲ၊ အဲဒီလောက်ခြေစွမ်းကို ကောင်းတယ်လို့ ပြောနိုင်တာလားဆိုပြီးတော့။ စိတ်ပျက်စရာခြေစွမ်းတင် မဟုတ်ဘဲ စိတ်ပျက်စရာစကားတွေကိုပါ ကြားနေရတာပါ။
လီဗာပူးလ်ကတော့ တကယ်ကို ကောင်းခဲ့ပါတယ်။ မိုဆာလာက ထုံးစံအတိုင်း အိုးလ်ထရက်ဖို့ဒ်က သူ့အိမ်က ပန်းခြံမှာ ကစားသလို ကစားနေခဲ့ပြီး လူးဝစ်ဒီယက်ဇ်ရဲ့ ပေါက်ကွဲအားကလည်း ကြောက်စရာပါ။ တစ်ချိန်တည်းမှာ Selfless ကစားပေးခဲ့တဲ့ ဆောဘော့ဇ်လိုင်းနဲ့ ဥာဏ်ကောင်းတဲ့ ပြေးလမ်းကြောင်းတွေ ချပြခဲ့တဲ့ ဂရာဖန်ဘတ်ခ်တို့ကလည်း ယူနိုက်တက်ကို ဒီလောက်အထိ ဒုက္ခရောက်စေခဲ့သူတွေ ဖြစ်တယ်။ ဂရာဖတ်ဘတ်ခ်ရဲ့ Ball Carries တွေက ယူနိုက်တက်ကို အပြင်းထန်ဆုံး ထိုးနှက်ခဲ့ပြီး ယူနိုက်တက်ကွင်းလယ်ဟာ သူတို့ဆီ တိုက်ရိုက်ပြေးဝင်လာတဲ့ ပြိုင်ဘက်တွေနဲ့ တွေ့ရင် ဒုက္ခရောက်ဆဲဆိုတာ သက်သေပြတာ နှစ်နဲ့ချီ ရှိလာပြီ ဖြစ်ပါတယ်။
ယူနိုက်တက်ဘက်မှာတော့ အားနည်းသူတွေက တော်တော်များတယ်။ ကစားသမားသစ်တွေဖြစ်တဲ့ ဇစ်ခ်ဇီး၊ မက်ဇ်ရာအိုအီနဲ့ ဒီလစ်တို့ ကစားသွားတာ မဆိုးပါဘူး။ နောက်ထပ်အပေါင်းလက္ခဏာအဖြစ် ရှာကြံရမယ်ဆိုရင်တော့ ကက်စီမီရိုအစား ဝင်ကစားတဲ့ ကော်လီယာလေးတော့ ခြေစွမ်းမဆိုးလှဘူး။ လှုပ်ရှားမှုကောင်းတချို့နဲ့အတူ ရဲရင့်မှု၊ မာကျောမှုတွေကို မြင်ခဲ့ရတယ်။ ပြဿနာက ကစားသမားဟောင်းတွေ၊ စီနီယာတွေမှာ တက်နေတာ။ အဆိုးရွားဆုံးက ကက်စီမီရိုဖြစ်ပြီး သူ့နောက်မှာ လစ်ဆန်ဒရိုမာတီနက်ဇ်ကို ထားချင်တယ်။ ရပ်ရှ်ဖို့ဒ်၊ ဂါနာချိုတို့လည်း အားနည်းကြပေမဲ့ လီချာကကျတော့ ကောင်းနေကျသူ၊ ကမ္ဘာ့ဖလားအောင်ပွဲရှင်၊ ဂွါဒီယိုလာရဲ့ ကမ္ဘာ့အကောင်းဆုံးခံစစ် ၅ ယောက်ထဲပါတယ်လို့ ချီးကျူးခံထားရသူ၊ တန်ဟက်ဂ် ပွဲထွက်စာရင်းရေးရင် ထိပ်ဆုံး ၃ ယောက်အဖြစ် ချရေးမယ့်သူ။ ဒီလိုလူက ဒီလိုခြေစွမ်းမျိုး ပြလို့ မရပါဘူး။ တိုင်မင်အလွဲတွေရော၊ လူပေးပုံအလွဲတွေရော များစွာ မြင်ခဲ့ရပြီး ခေါင်းဆောင်နိုင်စွမ်းလည်း ကင်းမဲ့ခဲ့တယ်။ Base မှ မကောင်းရင်တော့ ဘရူနိုဖာနန်ဒက်စ်လည်း ဘာမှလုပ်လို့ မရပါဘူး။ ဒါကြောင့် ဘရူနိုနဲ့ ရပ်ရှ်ဖို့ဒ်တို့ ဘာမှမလုပ်ပြခဲ့နိုင်သည့်တိုင် အသင်းရဲ့ Base က ကစားသမားတွေ တာဝန်ပိုကြီးပါတယ်။
ဘာပဲဖြစ်ဖြစ် အဓိကအကျဆုံး တာဝန်ရှိသူကတော့ တန်ဟက်ဂ်ပါပဲ။ မန်စီးတီးကို FA ဖလားမှာ အနိုင်ယူနိုင်ခဲ့တာကို မေ့ပစ်သင့်ပါပြီ။ အဲဒီတုန်းက အခင်းအကျင်း၊ အယူအဆက အခုဘောလုံးရာသီထဲမှာ အလုပ်မဖြစ်တော့ပါဘူး။ ပုံမှန်အတိုင်း Mid block ပုံစံနဲ့ ကျပ်ညပ်အောင်ပိတ်ပြီး Transition တွေနဲ့ ထိုးနှက်ရင်တောင် အလုပ်ဖြစ်ကောင်း ဖြစ်နိုင်ပါဦးမယ်။
ယူနိုက်တက်ပရိသတ်တွေအတွက် ပိုစိတ်ပျက်စရာ ဖြစ်ခဲ့တာက ပွဲအပြီးမှာ ပြောခဲ့တဲ့ သူ့ရဲ့ နည်းပြမှုက ပြဿနာဆိုရင် ဖလားတွေ ရခဲ့မှာမဟုတ်ကြောင်း၊ မန်စီးတီးပြီးရင် ဖလားအများဆုံး ယူထားတဲ့အသင်းဖြစ်ကြောင်း စကားတွေပါ။ နည်းပြတွေဟာ ရှုံးပွဲရဲ့ ဖိအားကနေ လွတ်ကင်းအောင် လမ်းကြောင်းလွှဲစကားတွေ ပြောတတ်ကြပေမဲ့ တန်ဟက်ဂ်ရဲ့ အခုစကားကိုတော့ ကြောင်တောင်တောင်လို့ပဲ မြင်တယ်။ သာမန်ဖလားလေး ၂ လုံးလောက် ယူထားပြီး အလုပ်မပြုတ်အောင် အသည်းအသန် ကြိုးစား၊ ရုန်းကန်နေရင်း ဘာအိုက်ဒီယာမှာ မချပြနိုင်၊ ဘာကစားဟန်မှ မသွတ်သွင်းနိုင်တဲ့ နည်းပြတစ်ယောက်ဖြစ်မှန်း တဖြည်းဖြည်းနဲ့ ပုံပေါ်လာနေပါတယ်။
By Sithu
Subscribe





