ဇစ်ခ်ဇီးရဲ့ နောက်ကျဂိုးနဲ့ အနိုင်ရတဲ့ ယူနိုက်တက်
မန်ယူနိုက်တက် ၁−၀ ဖူလ်ဟမ်
ပွဲပြီးသုံးသပ်ချက် ( By Sithu )
မန်ယူနိုက်တက်က မန်စီးတီးကို ရင်ဆိုင်ခဲ့တဲ့ ကွန်မြူနတီဒိုင်းလူစာရင်းနဲ့ ဆင်တူနီးပါး ပွဲထွက်လာခဲ့ပြီး မက်ဇ်ရာအိုအီကိုပဲ အပြောင်းအလဲအနေနဲ့ ထည့်သွင်းလာခဲ့တယ်။ ဘရူနိုက False 9 ပုံစံနဲ့ ကစားတယ်။ မေဆင်မောင့်ကတော့ အခြေအနေအရ လှည့်ပြောင်းကစားသွားတယ်။ ဖူလ်ဟမ်က ရာသီကြိုမှာ စမ်းသပ်နေတဲ့ ပုံစံအတိုင်းပဲ ပွဲထွက်လာပြီး စမစ်သ်ရိုးကိုလည်း ထုတ်သုံးခဲ့တယ်။ ပယ်လင်ညာနေရာအတွက် အထူးအထွေ မပြင်ဆင်ထားဘဲ ယူနိုက်တက်ကစားသမားဟောင်း ပါရဲရားက ကွင်းလယ်အထိုင်မှာ တွဲဖက်ကစားတယ်။ အဒါမာထရာအိုရေး၊ စမစ်သ်ရိုး၊ အီဝိုဘီ၊ မူနစ်ဇ်တို့ရဲ့ တိုးအားကို အားပြုခဲ့တယ်။
ပွဲအစပိုင်းမှာ ယူနိုက်တက် ကစားကွက် မတည်နိုင်ခဲ့ဘူး။ ဖူလ်ဟမ်ရဲ့ တိုက်စစ်အရွေ့တွေက အားပါပြင်းထန်ပြီး ယူနိုက်တက်ကို ယိမ်းယိုင်စေခဲ့တယ်။ အဒါမာထရာအိုရေးရဲ့ အမြန်နှုန်းက ကြောက်ဖို့ ကောင်းလှသလို၊ ကျန်တိုက်စစ်ကစားသမားတွေရဲ့ တစ်ဦးချင်းအရည်အသွေးကလည်း တော်တော်လေး မြင့်တယ်။ ဒါပေမဲ့ ပွဲတမ်ပိုကို ဖြည်းဖြည်းချင်း ထိန်းချုပ်နိုင်လာအပြီးမှာတော့ ပွဲက ယူနိုက်တက် လက်ထဲ ပြန်ရောက်လာပါတယ်။ အထူးသဖြင့် ယူနိုက်တက်ရဲ့ Pressing ပိုင်းက အလွန်တိုးတက်လာတာကြောင့် ဖူလ်ဟမ် ကစားကွက်တည်ဖို့ ခက်ခဲခဲ့တယ်။ ဖူလ်ဟမ်တို့ ယူနိုက်တက်ရဲ့ Pressing မိပြီး အခွင့်အရေးတွေ ဆက်တိုက်ပေးလာရလေ၊ ကစားကွက်ပျက်လေ ဖြစ်သွားတယ်။ ဘရူနိုဖာနန်ဒက်စ်နဲ့ မေဆင်မောင့်အတွဲက စက်ရုပ်တွေလို အသည်းအသန် ဖိအားပေးကစားနိုင်ခဲ့ကြတယ်။
ဒါပေမဲ့ ယူနိုက်တက်က ကွင်းလယ်မှာတော့ ဟောင်းလောင်းပေါက်တချို့ ဖြစ်နေဆဲပဲ။ ကက်စီမီရိုနဲ့ မိန်နူးတို့ အတွဲမှာ နားလည်မှုလိုအပ်နေပြီး ဟန်ချက်မညီဘူး။ ယူနိုက်တက်ကစားချင်တဲ့ ပုံစံက အနည်းငယ် ခက်ခဲတာကြောင့်လည်း ပါတယ်။ တစ်ဖက်က ဖူလ်ဟမ်မှာ တစ်ဦးချင်းကောင်းပြီး လျင်မြန်တဲ့သူတွေများတာကြောင့်လည်း ပါတယ်။ ပွဲချိန် ၁၃ မိနစ်လောက်မှာ အာမတ်ဒီယာလို ပယ်နယ်တီဧရိယာထဲ လဲကျပြီး ပယ်နယ်တီတောင်းခဲ့ပေမဲ့ Soft touch သာ ဖြစ်နေလို့ ပယ်နယ်တီ မရပါဘူး။ အဲဒီအနေအထားကနေ ဖူလ်ဟမ်က ပြန်ထိုးဖောက်ခဲ့ပြီး ညာနောက်ခံလူ တေတေရဲ့ ကန်ချက်ကို ဂိုးသမား အိုနာနာ လက်ဆန့်တန်းကာကွယ်လိုက်ရတယ်။
အဲဒီနောက်ပိုင်းကစပြီး ဖူလ်ဟမ်တို့ အခွင့်အရေး မရတော့သလောက်ပဲ။ ယူနိုက်တက်က ပွဲကို ပိုစီးထားနိုင်တယ်။ ဘယ်ခြမ်းမှာ ရတဲ့ ပြစ်ဒဏ်ဘောကနေ အာမတ် ဖြတ်တင်ပေးတာကို ကက်စီမီရို ခေါင်းတိုက်ပေမဲ့ လွဲတယ်။ မက်ဂွိုင်းရား ခုတ်တင်ပေးတာကို ဘရူနို ထောင့်ဖြတ် volley ဆွဲကန်တာလည်း လွဲသွားတယ်။ မကြာခင်မှာ ဘရူနိုရဲ့ အပိုင်အခွင့်အရေးကြီး ၂ ကြိမ် ရခဲ့တယ်။ ယူနိုက်တက်ရဲ့ Hard pressing ကြောင့် လေနို လူပေးအမှားကနေ ဘရူနို အပိုင်ကန်ခဲ့ပေမဲ့ လေနို ကာကွယ်သွားနိုင်တယ်။ နောက်တစ်ကြိမ်က ပွဲချိန် ၃၄ မိနစ်မှာ ထပ်ရခဲ့ပြီး မိန်နူး−ကက်စီမီရိုတို့ရဲ့ ပေးပို့မှုတွေကနေ ဘရူနို အပိုင်ပိတ်သွင်းခဲ့ပေမဲ့ လေနို ထပ်မံကာကွယ်နိုင်ခဲ့ပြန်တယ်။ ပထမပိုင်းမှာ ယူနိုက်တက်တို့ တစ်ဂိုးလောက် ရခဲ့သင့်ပေမဲ့ အဆုံးမသတ်နိုင်ခဲ့ပါဘူး။ ဒါက ဒုတိယပိုင်းမှာ ဖိအားဖြစ်စေခဲ့တယ်။
ဒုတိယပိုင်းရောက်လို့ ယူနိုက်တက်ဘက်က Energy ကျလာတာနဲ့အမျှ ဖူလ်ဟမ်ရဲ့ တိုးအားတွေက ပိုမိုကြောက်ဖို့ကောင်းလာတယ်။ Energy ကျ၊ Pressing ကျလာတာနဲ့ ယူနိုက်တက် ကစားကွက် ပြန်ပျက်သွားတယ်။ ဖူလ်ဟမ်ရဲ့ တစ်ဦးကောင်း ထိုးဖောက်မှုတွေက တော်တော်လေး အလုပ်ဖြစ်တယ်။ ယူနိုက်တက်က High defensive line နဲ့ Hard pressing ၊ နောက်ပြီး ဘောလုံးပိုင်ဆိုင်မှုအသားပေး ကစားကွက်တည်ဆောက်ပုံကို အသုံးပြုချင်ပြီး လက်ရှိအချိန်မှာ အဲဒီအတိုင်း ကွက်တိဖြစ်ဖို့ ကြံ့ခိုင်မှု၊ အတွဲမိမှု၊ အသားကျမှုတို့ လိုအပ်ပါသေးတယ်။ အစိတ်အပိုင်းတစ်ခုချင်းစီမှာ လိုအပ်ချက်လေးတွေ ရှိနေတုန်းပဲ။ ခက်ခဲတဲ့ ပုံစံဖြစ်လို့ တစ်ချက်လွဲသွားတာနဲ့ ပင်ပင်ပန်းပန်း ပြန်ကာကွယ်ရတယ်။ ဖူလ်ဟမ်က သိပ်မြန်တော့ ပိုခက်တယ်။ ပထမပိုင်းမှာ ဂိုးမသွင်းနိုင်ခဲ့ခြင်းက အခုအချိန်မှာ ဒုက္ခတွေ့လာခဲ့ပြီ။
ဖူလ်ဟမ်က အမြန်နှုန်းနဲ့တင် ဒုက္ခပေးတာ မဟုတ်ဘဲ တည်ကန်ဘောတွေကလည်း တော်တော်ကောင်းတယ်။ တင်သမျှ ခြောက်ကိုက်စည်းထဲ ဝဲကျလာပြီး အန္တရာယ်ကြီးတွေ ပေးခဲ့တယ်။ ယူနိုက်တက်ခံစစ်ကလည်း အမှားနည်းပြီး တည်ငြိမ်နေခဲ့လို့ တော်ရော့တယ်။ လေ့ကျင့်ချိန်အနည်းငယ်နဲ့ ဝင်ကစားခဲ့တဲ့ မက်ဇ်ရာအိုအီလည်း ကျေနပ်စရာခြေစွမ်းကို ပြခဲ့တယ်။ ဒီကြားထဲမှာ ထဖောက်တာက လစ်ဆန်ဒရိုမာတီနက်ဇ်ပါ။ လီချာဟာ ပထမပိုင်းတုန်းက တွက်ချက်ပုံအမှားတစ်ခုကြောင့် အဒါမာကို လွတ်ခွင့်ပေးခဲ့ရသလို၊ ဒုတိယပိုင်းမှာလည်း ၂ ကြိမ်လောက် လွဲခဲ့တယ်။ Risk ယူကစားတဲ့ သူ့ပုံစံကြောင့် ဒီလိုဖြစ်ခဲ့ပေမဲ့ လီချာ အကောင်းဆုံးပုံစံမှာ ရှိမနေတာတော့ အသေအချာပဲ။ ပွဲချိန် ၆၅ မိနစ်လောက်မှာ ကွင်းလယ်ကို တက်ပြီး ဆလိုက်ထိုးတဲ့အကြိမ်၊ ဖူလ်ဟမ်ကစားသမား ၂ ယောက် လွတ်ထွက်သွားခဲ့ပြီး မက်ဂွိုင်းရား ဖြတ်တောက်နိုင်ခဲ့လို့ ယူနိုက်တက် ခံသာခဲ့တယ်။ မက်ဂွိုင်းရားက ကြံ့ခိုင်မှုမပြည့်သေးပေမဲ့ အကောင်းဆုံးခြေစွမ်းပြခဲ့ပြီး သူ့ရဲ့ အဝေးဘောတွေနဲ့ ပံ့ပိုးမှုတွေကလည်း ၂ ကြိမ်၊ ၃ ကြိမ် ထိရောက်ခဲ့ပါတယ်။
ယူနိုက်တက်က ပွဲချိန်မိနစ် ၆၀ လောက်မှာ မောင့်နဲ့အာမတ်အစား ဇစ်ခ်ဇီးနဲ့ ဂါနာချိုကို ထည့်တယ်။ အာမတ်က Link play တွေကောင်းပြီး Indirect ဆန်တယ်။ ဂါနာချိုကတော့ Direct ဆန်ပြီး Raw talent ပုံစံ ပိုပေါက်တယ်။ သူ့အသုံးဝင်မှုနဲ့သူတော့ တန်ဖိုးရှိပါတယ်။ ဇစ်ခ်ဇီးနဲ့ ဂါနာချိုက ဒီပွဲရဲ့ အဖြေကို ပြောင်းပေးသွားတဲ့သူတွေ ဖြစ်လာခဲ့တယ်။ ဒါပေမဲ့ အဲဒီအခိုက်အတန့်လေးတစ်ခုမတိုင်မီအထိတော့ ယူနိုက်တက်ပရိသတ်တွေ ရင်တုန်ခဲ့ရတာ သေချာပါတယ်။ တောက်လျှောက်ဆိုသလို အခွင့်အရေးကောင်းတွေ ဖြုန်းတီးခဲ့အပြီးမှာ ယူနိုက်တက်ဟာ အနိုင်ဂိုးသွင်းနိုင်ဖို့ အချိန်တော်တော်လေး လင့်နေခဲ့ပြီ။ ဘရူနိုကလည်း ကျန်တဲ့အပိုင်းတွေမှာ အားလုံးကောင်းပေမဲ့ ကန်သမျှ အဖက်မတင်ဘူး။ ဂါနာချိုကလည်း အလွဲအချော်တွေ လုပ်။ ရပ်ရှ်ဖို့ဒ်ကလည်း ပေါ်တစ်ချည် ပျောက်တစ်လှည့်။
ဒါပေမဲ့ ဒီအခြေအနေမှာ ယူနိုက်တက်ရဲ့ အသစ်ခေါ်ယူမှု ဇစ်ခ်ဇီးက ကယ်တင်ရှင် ဖြစ်လာခဲ့ပါတယ်။ ပွဲချိန် ၈၇ မိနစ်မှာ ရရှိသွားတဲ့ ဒီဂိုးအတွက် စတင်သူကတော့ ဘရူနိုပါပဲ။ ဘရူနိုက ကွင်းလယ်ကနေ ဘောလုံးကို မှန်ကန်စွာ Drive လုပ်ခဲ့ပြီး ဘောလုံးအမြင်နဲ့ကျွမ်းကျင်မှုအပြည့်ရှိတဲ့ ဇစ်ခ်ဇီးရှိနေတဲ့ ကွင်းလယ်ကြော Space ထဲ ထည့်ပေးလိုက်တယ်။ ဇစ်ခ်ဇီးက ကက်စီမီရိုကို ပေးပြီး ဂိုးပေါက်ရှေ့ပြေးတယ်။ ကက်စီမီရိုကနေ ဒါလို၊ ဒါလိုကနေ ဂါနာချိုဆီ ရောက်ပြီး ဂါနာချိုရဲ့ သပ်ရပ်တဲ့ဖြတ်တင်ပေးပို့မှုကို ဇစ်ခ်ဇီးက မထင်မှတ်တဲ့ပုံစံနဲ့ ပိတ်သွင်းခဲ့တယ်။ ယူနိုက်တက် ဂိုးပါပြီ။ ၂၀၂၄−၂၅ ရာသီအတွက် ပထမဆုံး သွင်းဂိုးပါ။ ဒီဂိုးနဲ့ပဲ ယူနိုက်တက် သုံးမှတ်စတင်ရရှိသွားတယ်။ တကယ်တော့ ပွဲပြီးခါနီး ဘက်ဆေရဲ့အမှားကနေ ဂါနာချို အပိုင်ပိတ်သွင်းခွင့် တစ်လုံး ရသေးတယ်။ လွဲချော်ဖြစ်ခဲ့လို့ ယူနိုက်တက် တစ်ဂိုးနဲ့ပဲ ကျေနပ်လိုက်ရပါတယ်။
ကျေနပ်ရမယ့် နိုင်ပွဲဖြစ်ပြီး နိုင်ပွဲနဲ့ထိုက်တန်တဲ့ ခြေစွမ်းကိုလည်း ပြနိုင်ခဲ့တယ်။ ဒါပေမဲ့ သရေကျခဲ့ရင်လည်း ဒီပွဲဟာ အံ့သြစရာ မရှိဘူး။ ဖူလ်ဟမ်က ယူနိုက်တက်ကို ဒုက္ခပေးနိုင်ခဲ့ပြီး ခံစစ်ပိုင်းမှာ အိမ်စာ ကျေညက်အောင်လုပ်ဖို့ လိုသေးတယ်ဆိုတာ ပြသခဲ့တယ်။ ဒါ့အပြင် တိုက်စစ်ကလည်း ဖြုန်းတီးမှုတွေ များနေသေးတယ်။ ဖန်တီးသူ၊ ဆွဲပြေးသူတွေများပြီး ဂိုးသွင်းမယ့်သူ နည်းနေတယ်။ ပယ်နယ်တီဧရိယာတွင်း ထိချက်မှာ ဖူလ်ဟမ်နဲ့ သိပ်မကွာခဲ့ဘူး။ တိုက်စစ်မှူးစစ်စစ်တွေ ပါလာတဲ့အခါ ဒီထက်အားပိုကောင်းလာဖို့တော့ ရှိနေတယ်။ နောက်ပြီး In-possession အခြေအနေမှာ ယူနိုက်တက်ဟာ Central progression တစ်ခုအဖြစ် ကွင်းလယ်အားနဲ့ မမောင်းနှင်နိုင်တာ တွေ့ရတယ်။ တစ်ဦးချင်းစွမ်းရည်အပေါ် မှီခိုမှုများနေတုန်းပဲ။ ဒါက ပြိုင်ဘက်ခံစစ်က ပိတ်ဆို့အထိုင်ချထားချိန် နေရာလွတ်ရှာရခက်ခြင်းကို ဖြစ်စေတယ်။
ခြုံကြည့်ရင်တော့ ယူနိုက်တက်အတွက် အပေါင်းလက္ခဏာက များခဲ့တဲ့ ပွဲဖြစ်ပါတယ်။ မေဆင်မောင့်က သူ့ရဲ့ Funtional အသုံးဝင်မှုကို ပြနိုင်လာတယ်။ မက်ဇ်ရာအိုအီက ထင်မှတ်မထားလောက်အောင် ခြေစွမ်းပြခဲ့ပြီး ခံစစ်အပြင် တိုက်စစ်မှာပါ Progressive move တွေနဲ့ ထောက်ကူခဲ့တယ်။ ကက်စီမီရိုက ပုံမှန်ခြေစွမ်းဆီ ပြန်သွားနေပြီ။ ဒါလို၊ မက်ဂွိုင်းရား၊ ဘရူနို အားလုံး ကောင်းခဲ့ကြတယ်။ မိန်နူးကတော့ ဘောလုံးခြေထဲ ရှိချိန်၊ တိုက်စစ်အချိန်တွေမှာ ကောင်းပေမဲ့ ခံစစ်ပိုင်းမှာ လိုအပ်ချက် ရှိတယ်။ ရပ်ရှ်ဖို့ဒ်က လိုအပ်ချက် များနေတုန်းပဲ။ လီချာကလည်း အားနည်းချက်တွေရှိခဲ့ပေမဲ့ ပွဲပြီးခါနီး အန္တရာယ်ပေးပို့မှုတစ်ခုကို ဖျက်ထုတ်သွားတယ်။ အဲရစ်တန်ဟက်ဂ်စကားနဲ့ ပြောရရင် အဆင်သင့်မဖြစ်သေးတဲ့ အသင်းတစ်သင်းဆီက ဒီခြေစွမ်းကို မြင်ရတာ ကျေနပ်စရာ ဖြစ်ပါတယ်။
ယူနိုက်တက်အနေနဲ့ ပိုမိုစနစ်ကျတဲ့ ကစားဟန်တစ်ခုကို ပြနိုင်လာတယ်။ Pressing တင်မဟုတ်ဘဲ Counter-pressing လို့ခေါ်တဲ့ ဘောလုံးဆုံးပြီးပြီးချင်း ဘောလုံးပြန်လုမှုလည်း ကောင်းလာပြီး အခွင့်အရေးကောင်းတွေ ဖန်တီးနိုင်ခဲ့တယ်။ ကျေနပ်ရမယ့် ရာသီအဖွင့်နိုင်ပွဲတစ်ခုပဲ ဖြစ်ပါတယ်။
Subscribe





