နောက်ထပ်ရှုံးပွဲတစ်ပွဲ။ နောက်ထပ်ညံ့ဖျင်းတဲ့ပွဲတစ်ပွဲ။ ဒီလိုမျိုး နောက်ထပ်တွေ ဘယ်နှပွဲ ထပ်လာဦးမလဲလို့ ရင်မောနေရတဲ့ အသင်းတစ်သင်းရဲ့ ဖြစ်အင်ပါပဲ။ ပွဲပြီးခါနီးမှာ အငြင်းပွားဖွယ် ပယ်နယ်တီဖြစ်ရပ်တစ်ခု ဖြစ်ခဲ့ပေမဲ့ ဒီအပေါ် လွှဲချလိုက်လို့မရလောက်အောင် ယူနိုက်တက်ရဲ့ အနေအထားက ဆိုးရွားနေခဲ့တယ်။ ပထမပိုင်းမှာ အခွင့်အရေးကောင်းများစွာတော့ ရရှိခဲ့ပါတယ်။ ဒါပေမဲ့ ဘောလုံးက ပထမတစ်ပိုင်းတည်း ကန်တာ မဟုတ်ပါဘူး။ ဒါကြောင့် ဒီစွမ်းဆောင်ရည်ကို ဆိုးရွားတယ်လို့ပဲ သတ်မှတ်ရမှာပါ။
အဲရစ်တန်ဟက်ဂ် ထုံးစံအတိုင်း သူ့ရဲ့ ဆေးမြီးတိုကို ဆက်တိုက် သယ်ဆောင်လာခဲ့ပါတယ်။ ပထမပိုင်းမှာတော့ ဂိုးဖြစ်နိုင်တဲ့ အခြေအနေများစွာကို မန်ယူနိုက်တက်တို့ ဖန်တီးနိုင်ခဲ့တယ်။ ဒါပေမဲ့ သေချာကြည့်လိုက်ရင် အဲဒီအခြေအနေတွေက ဘယ်တောင်ပံက ဂါနာချိုကြောင့်ရယ်၊ Set-piece တွေကြောင့်ရယ် ရရှိတာက အများစုဖြစ်ပြီး ဂါနာချို လွတ်တဲ့အခြေအနေတွေကလည်း Transition ဆန်တဲ့ အခြေအနေတွေချည်း ဖြစ်နေခဲ့တယ်။ ပွဲတစ်ပွဲကို ကိုယ်အားသာတဲ့နည်းနဲ့ ကစားနိုင်တာဖြစ်လို့ Transition ကနေပဲ လွတ်ကွက်တွေရရင်လည်း ကိစ္စမရှိပါဘူး။ ကိစ္စရှိတာက ဂိုးအောင် မသွင်းနိုင်တာ ဖြစ်ပါတယ်။ ဂိုးအောင် မသွင်းနိုင်တဲ့အခါ လွတ်နေတဲ့ One way traffic တွေကလည်း လမ်းကြောင်းပိတ်ဖို့ ဖြစ်လာခဲ့ပါတယ်။ တစ်လမ်းမောင်း ဖြစ်တဲ့အတွက် ပိတ်သွားတဲ့အခါ၊ ကျပ်သွားတဲ့အခါမှာတော့ ဒုတိယပိုင်းယူနိုက်တက် ဖြစ်လာပါတော့တယ်။
တန်ဟက်ဂ်က ပွဲအပြီးမှာ We are so dominant လို့ သုံးနှုန်းပြီး ပထမပိုင်းအခြေအနေကို ပြောပြခဲ့တယ်။ ဒါ့အပြင် သူ့အသင်းအပေါ် ဝေဖန်စရာအများကြီး မရှိဘူးလို့လည်း ပြောသွားတယ်။ We are so dominant ဆိုတာကတော့ လက်ခံနိုင်စရာ မရှိပါဘူး။ အခွင့်အရေးရတာနဲ့ Dominant ဖြစ်တာက မတူပါဘူး။ Dominant ဖြစ်နေတဲ့အသင်းဟာ ဒုတိယပိုင်းမှာ ဖြစ်ချင်တိုင်း ဖြစ်သွားစရာ အကြောင်းမှ မရှိတာ။ ယူနိုက်တက်ရခဲ့တဲ့ အခွင့်အရေးတွေနဲ့ ပြန်ချိန်ထိုးလိုက်ရင် ဘယ်တောင်ပံမှာ Space တွေထဲ တိုးဝင်နိုင်စွမ်းအားမြင့်တဲ့ ဂါနာချိုကြောင့် အကြိမ်ကြိမ် လွတ်တယ်၊ အဲဒီကနေတစ်ဆင့် ထပ်ရတဲ့ အခွင့်အရေးတွေ ရှိမယ်။ ကက်စီမီရို တင်ပေးတာကို ဘရူနို ခေါင်းတိုက်တာက ညာခြမ်းက လာတာဖြစ်ပေမဲ့ အဲဒီလိုတင်နိုင်ဖို့ ဖရိုဖရဲဖြစ်စေတာက ဘယ်ခြမ်းက ဂါနာချို Break အရင် ကစားနိုင်ခဲ့တာပါ။ ကျန်တဲ့အကြိမ်တွေက Set-piece တွေဖြစ်ပြီး ဒါလို တစ်ကြိမ်ကတော့ ဘရူနိုရဲ့ Lob pass ကြောင့် ဖြစ်ပါတယ်။ လွတ်တဲ့အကြိမ်ရေအများစုကလည်း ဘရူနိုရဲ့ Through ball, penetrating pass တွေကို အခြေခံပါတယ်။ သဘောက လက်နက်သဘောတရားတစ်မျိုးလောက်နဲ့သာ တိုက်နိုင်ခဲ့တာ ဖြစ်တယ်။
ဒုတိယပိုင်းအစမှာ ဝက်စ်ဟမ်းက လူစားလဲမှု ၃ ယောက် လုပ်တယ်။ မာဗရန်ပန်းနို့စ်အစား တိုဒီဘို ဝင်လာတယ်။ ဝက်စ်ဟမ်းရဲ့ ညာခြမ်းအတွက် အားဖြစ်စေမယ့်၊ ယူနိုက်တက်ရဲ့ ဘယ်ခြမ်းကို တားဆီးမယ့် ရွှေ့ကွက်တစ်ခုပါ။ တိုဒီဘိုက ပိုမြန်ပြီး Athleticism ပိုကောင်းတယ်။ ဝက်စ်ဟမ်းဖြစ်ပေါ်နေတဲ့ အဟတွေကို စေ့ပေးနေတဲ့သူပါ။ ဒီလိုနဲ့ ဖွင့်ထားတဲ့တံခါးတွေ ပိတ်ကုန်တယ်။ တစ်ပြိုင်တည်းမှာ ဆမ်းမားဗီးလ်က တိုက်စစ်အတွက် ဟန်ချက်ညီမှု၊ ဆိုချက်ခ်က ကွင်းလယ်မှာ Physical prowess နဲ့ Manpower တိုးတက်စေမှုကို ဖြစ်စေတယ်။ ဒုတိယပိုင်း ၅ မိနစ်လောက် ကစားပြီးတဲ့အချိန်မှာ ဝက်စ်ဟမ်းဟာ ချက်ချင်း ထူထူထောင်ထောင် ဖြစ်လာပါတယ်။
အဲဒီအချိန်မှာ ယူနိုက်တက် ပထမပိုင်းမှာ ရုန်းလိုက်လို့ Refractory period ကို ရောက်နေတဲ့ အမျိုးသားတစ်ဦးရဲ့ စွမ်းဆောင်ရည်ပုံစံမျိုး ဖြစ်နေတယ်။ တော်တော်နဲ့ မနိုးထနိုင်ဘူး။ ဒီအချိန်မှာ ဝက်စ်ဟမ်းတို့ အရှိန်တင်သထက် တင်လာနိုင်ပြီး တဖြည်းဖြည်းနဲ့ ယူနိုက်တက်ကို ဂရုစိုက်စရာ မလိုတော့တဲ့အခြေအနေအထိ ရောက်လာတယ်။ ကစားတာ ကောင်းသထက် ကောင်းလာတယ်။ ပွဲချိန် ၄၅ မိနစ်နဲ့ ၆၅ မိနစ်ကြားက ဒီပွဲအတွက် အခရာပဲ။ ယူနိုက်တက် အိပ်ငိုက်နေတဲ့အချိန်မှာ ဝက်စ်ဟမ်းမှာ သူတို့ရဲ့ ရစ်သမ်၊ သူတို့ရဲ့ ယုံကြည်မှုကို ရယူပြီး ဒီပွဲအတွက် ပြန်လာခဲ့တယ်။ ပထမပိုင်းတစ်ပိုင်းလုံးမှာ ယူနိုက်တက်ဟာ Touches in the opposition box ကို ၁၃−၆ နဲ့ ဝက်စ်ဟမ်းအပေါ် ဦးဆောင်ခဲ့တယ်။ ဒုတိယပိုင်း အစ မိနစ် ၂၀ မှာတော့ ဝက်စ်ဟမ်းက ယူနိုက်တက်ကို အဲဒီအချိန်လေးအတွင်းမှာ ၁၃−၆ နဲ့ ထိချက်ပိုသာခဲ့တယ်။ ဒါက ပွဲရဲ့ ထင်ရှားတဲ့ အခြေအနေ ပြောင်းလဲမှုပါပဲ။
ဝက်စ်ဟမ်း ကစားကွက်မိလာတဲ့အချိန်မှာ ယူနိုက်တက်ရဲ့ တစ်လမ်းမောင်း လမ်းကြောင်းလည်း ပိတ်သွားခဲ့ပြီ။ ဆိုတော့ တခြားအားနည်းချက်တွေက သိသာထင်ရှားစွာ ပေါ်လာတယ်။ တစ်ပွဲလုံး ပျောက်နေတဲ့ ရပ်ရှ်ဖို့ဒ်ကို ဘယ်နားရောက်နေသလဲ သတိရလာရပြီ။ ရပ်ရှ်ဖို့ဒ်ဟာ ညာတောင်ပံမှာ ဘရန့်ဖို့ဒ်နဲ့ပွဲတုန်းကလို မကစားနိုင်ခဲ့ပါဘူး။ ဒါဟာ ဒါလိုကို အဲဒီလို လှုပ်ရှားခွင့်မပေးထားတာနဲ့လည်း သက်ဆိုင်တယ်။ ဒါလိုက ဘရန့်ဖို့ဒ်နဲ့ပွဲတုန်းကလို ညာတောင်ပံတိုက်စစ်ကို ကူညီတာမျိုး မတွေ့ရဘူး။ ဒီအချက်က သိသာတယ်။ မသိသာတာက ရပ်ရှ်ဖို့ဒ်ကရော ဘာဖြစ်လို့ အလယ်ထဲ ဝင်ဖို့ ကြိုးစားနေတာလဲ ဆိုတဲ့အချက်ပါ။
ဝက်စ်ဟမ်းရဲ့ခံစစ်မှာ ခံစစ်ကစားပုံအားနည်းသူက အီမာဆန်ဖြစ်ပြီး သူ့ကိုသာ ဘရန့်ဖို့ဒ်နဲ့ပွဲတုန်းကလို ထိုးနှက်ရင် ယူနိုက်တက်ရဲ့တိုက်စစ် ပိုဟန်ချက်ညီနိုင်ပါတယ်။ ဒါပေမဲ့ ရပ်ရှ်ဖို့ဒ်က ညာတောင်ပံက ထွက်ပြေးသလို ဖြစ်နေတယ်။ ဒါလိုကလည်း သူ့ကို ခြိမ်းခြောက်မယ့် Speedster မရှိ၊ ကားလို့စ်ဆိုလာပဲ ကစားနေတာတောင် ရှေ့သိပ်မတက်ခဲ့ဘူး။ ဒါကြောင့် ညာြခမ်းက ဝပ်ဆင်းသွားတယ်။ ရပ်ရှ်ဖို့ဒ်က အလယ်ဝင်ဖို့ ခိုင်းထားတာဆိုရင်တော့ တန်ဟက်ဂ်ရဲ့ ခိုင်းစေမှုက မေးခွန်းထုတ်စရာဖြစ်ပြီး၊ ရပ်ရှ်ဖို့ဒ် သူ့ဘာသာ ဂိုးသွင်းချင်လို့ လျှောက်ဝင်နေတာဆိုရင်တော့ ဒါဟာ Tactical discipline မရှိတာပါပဲ။ တန်ဟက်ဂ်က ရပ်ရှ်ဖို့ဒ်ကို ၅၉ မိနစ်မှာ လူစားလဲလိုက်တယ်။ ဒီယာလို ဝင်လာပေမဲ့ ဝက်စ်ဟမ်းက အရှိန်ရနေပြီ။ တောင်ပံမှာလည်း ဆမ်းမားဗီးလ်ကြောင့် ဒါလိုအတွက် အကန့်အသတ်တွေ ဖြစ်လာတော့ ယူနိုက်တက်အနေနဲ့ ပုံစံတစ်ခု ပြန်တည်ဖို့ ခက်သွားခဲ့တယ်။
ဝက်စ်ဟမ်းလိုမျိုး အသင်းကို ဒါမျိုးတွေ ဖြစ်နေပြီဆိုကတည်းက အသင်းရဲ့ အခြေအနေဟာ အထင်းသား ပေါ်လွင်နေပါပြီ။ ပထမပိုင်းမှာ အခွင့်အရေးတွေ ရခဲ့တာပဲဆိုတာမျိုး လွှဲချလို့ မရပါဘူး။ ဒီလိုနဲ့ ဝက်စ်ဟမ်းကို ဦးဆောင်ဂိုး စပေးရတယ်။ ထုံးစံအတိုင်း ပျင်းရိပျင်းတွဲ နှေးကွေးလေးလံပြီး ပေးလိုက်ရခြင်း ဖြစ်တယ်။ ဘယ်သူဘယ်ဝါ တာဝန်ရှိပါတယ်ဆိုပြီးလည်း အပြစ်တင်မနေချင်တော့ပါဘူး။ ဘယ်သူက မှားသွားလို့ ဆိုတာမျိုးထက် အဆများစွာ ဆိုးနေတာပါ။ ပွဲစဉ်များစွာ အပြစ်တင်လာအပြီးမှာတော့ ဒီပွဲရဲ့ ခြေစွမ်း၊ ဝက်စ်ဟမ်းလိုအသင်း အနိုင်မကစားနိုင်တဲ့အပြင် အရှုံးပါ ပေးလိုက်ရခြင်းအတွက် အပြစ်တင်တကာ့ ထိပ်ခေါင် စကားလုံးတွေ ရှိသေးရင် အဲဒီစကားလုံးတွေနဲ့ ထိုက်တန်ပါတယ်။ ဒါပေမဲ့ အဲဒီစကားလုံးတွေတောင် ဒီအခြေအနေကို လုံလောက်အောင် ဖော်ပြနိုင်ပါ့မလား မသိပါဘူး။
ဂိုးပြန်ရတော့လည်း ပရိသတ်တွေမှာ မချိတင်ကဲ ပျော်လိုက်ရပါသေးတယ်။ ဒါပေမဲ့ နိုင်တဲ့အထိ Comeback နိုင်မယ်လို့ ပရိသတ်တွေ မတွေးရဲကြဘူး။ သရေဂိုးက အနိုင်ဂိုးအထိ မျှော်လင့်နိုင်စွမ်းကို ပေးပေမဲ့ ခြေစွမ်းကတော့ ဘာမျှော်လင့်နိုင်စွမ်းကိုမှ မပေးဘူး။ ဝက်စ်ဟမ်းကလည်း ရှိန်နေခြင်း မရှိ၊ ရိုးရိုးတမ်းတမ်း ပြန်ကစားခဲ့တယ်။ ဒီကစားအားကြောင့်ပဲ ပယ်နယ်တီဖြစ်ရပ်တွေအထိ ရောက်တယ်။ ဒိုင်တွေရဲ့ ဆုံးဖြတ်ချက်က မေးခွန်းထုတ်စရာ ဗရပွနဲ့ပါ။ ဒါပေမဲ့ ဒိုင်တွေရဲ့ ဆုံးဖြတ်ချက်ကို ယိုးမယ်ဖွဲ့နေရင် ဒီအသင်းရဲ့ ညံ့ဖျင်းမှု မပေါ်လွင် ဖြစ်သွားပါလိမ့်မယ်။ ဒိုင်တွေကတော့ ဟိုပွဲမှားလိုက်၊ ဒီပွဲမှားလိုက် မေးခွန်းထုတ်စရာ ဆုံးဖြတ်ချက်တွေနဲ့ ပြည့်နှက်နေကြပါတယ်။ ယူနိုက်တက်ကတော့ ပွဲတိုင်းလိုလိုမှာကို မှားနေတာ ဖြစ်ပါတယ်။
Subscribe





