မန်ချက်စတာယူနိုက်တက် ဖြစ်နေတဲ့အတွက် အဝေးကွင်းမို့၊ ပထမဆုံးပွဲမို့၊ ဟိုလူဒီလူမပါလို့ ဆိုတဲ့ အကြောင်းပြချက်တွေ ပေးလို့မရဘဲ ဒီသရေပွဲဟာ ခြေစွမ်းရော၊ ရလဒ်ပါ ဆိုးရွားခဲ့တဲ့ ပွဲတစ်ခုအဖြစ် အမော်ရင်မ် လက်ခံရမှာ ဖြစ်ပါတယ်။ အမော်ရင်မ်ရဲ့ ၃−၄−၂−၁ ကို ယူနိုက်တက်ကစားသမား အများစု အသားမကျ ဖြစ်နေသေးတာ မြင်ရပြီး အစ်ဆွစ်ချ်ဟာ ဒီပွဲမှာ ပိုကောင်းတဲ့အသင်း ဖြစ်ခဲ့တယ်။ ဒီပွဲကနေ အမြင်နှစ်မျိုး တွေ့ရနိုင်ပါတယ်။ ရေတိုအမြင်၊ ဒီပွဲအမြင်နဲ့ ကြည့်ရင် ခြေစွမ်းလည်း မကောင်း၊ ရလဒ်လည်း မကောင်းပါဘူး။ ရေရှည်အမြင်နဲ့ ကြည့်ရင်တော့ မကောင်းခဲ့တဲ့ ခြေစွမ်းဟာ ပြင်ဆင်နိုင်တဲ့ အခြေအနေဖြစ်နေပြီး အချိန်က ကုစားပေးနိုင်ပါတယ်။
၃−၄−၂−၁ ဟာ ယူနိုက်တက်နဲ့ အသားကျပါ့မလားလို့ စိုးရိမ်မှုတွေ အများကြီး ရှိခဲ့ပေမဲ့ အမော်ရင်မ်က ရဲရဲရင့်ရင့် သုံးတယ်။ သူကိုယ်တိုင်လည်း ချက်ချင်း အဆင်ပြေမှာ မဟုတ်သေးဘူး၊ လိုတာတွေ ရှိသေးတယ်လို့ ပြောခဲ့တာပဲ။ သုံးရဲတဲ့နေရာမှာ သူ့သတ္တိ၊ သူ့ယုံကြည်မှုကို မြင်ရတယ်။ အခြားတစ်ဖက်မှာတော့ ယူနိုက်တက်ဟာ ၃−၄−၂−၁ အသားကျအသင်းပုံစံနဲ့ ခပ်ဝေးဝေးမှာ ရှိနေတာ အမှန်ပဲ။ ပိုဆိုးတာက နိုင်ငံတကာတာဝန်တွေကြောင့် ကစားသမားတွေ ပွဲပန်းနေတာ ဖြစ်ပြီး ဒဏ်ရာနဲ့ ပွဲပန်းမှုတွေက အမော်ရင်မ်ကို ပိုခေါင်းခဲစေခဲ့တယ်။ အသင်းရဲ့ လူအင်အားအပြည့်ကို ထုတ်သုံးရင်တောင် System နဲ့ ကိုက်ညီရုံလောက်ကလေးပဲ မျှော်လင့်နိုင်တာ၊ အခုလို အီဗန်စ်ကို သုံးရ၊ ကွင်းလယ်မှာ ကက်စီမီရို−အဲရစ်ဆင်ကို တွဲရ ဆိုတော့ လိုအပ်ချက်များနေတဲ့အပေါ် နားလည်ပေးလို့ရနိုင်ပါတယ်။ ဒါက ဆင်ခြေပေးစရာတော့ မဟုတ်ဘူးပေါ့။
ယူနိုက်တက်ဟာ ပွဲအစ ၁ မိနစ်ကျော်ကျော်လေးမှာပဲ အဖွင့်ဂိုး စရတယ်။ အာမတ်ရဲ့ တစ်ကိုယ်တော် Maze running ကနေ ဖန်တီးပေးတာကို ရပ်ရှ်ဖို့ဒ် အပိုင်ပိတ်သွင်းခဲ့တယ်။ ဒီဂိုးမှာ ပေးပို့မှု ၃၃ ကြိမ် ရှိခဲ့ပြီး အမော်ရင်မ်ရဲ့ အသင်းတွေမှာ တွေ့ရတဲ့ စိတ်ရှည်သောကစားကွက်တည်ဆောက်မှု Patience build-up ကို တွေ့ရတယ်။ စနစ်ကျနတဲ့ Pass sequence တွေကို မြင်ရတယ်။ ဂိုး စောစော ရလိုက်တော့ အားလုံးရဲ့ မျှော်လင့်ချက်တွေလည်း မိုးထိုးကုန်ကြတယ်။ ဒါပေမဲ့ တကယ်တမ်းမှာတော့ အစလည်းပဲ ကောင်းခဲ့တာ ဖြစ်ပြီး ကစားပုံက သာမန်အဆင့် ပြန်ဖြစ်သွားတယ်။
အမော်ရင်မ်ရဲ့ စနစ်မှာ High pressing ကို စနစ်တကျ သုံးတတ်ဖို့ လိုပါတယ်။ ရှေ့ဆုံးတန်းမှာ ရှိနေတဲ့ ဂါနာချို−ရပ်ရှ်ဖို့ဒ်−ဘရူနို အတွဲနဲ့ Double pivot က ကက်စီမီရို−အဲရစ်ဆင် အတွဲဟာ ဟန်ချက်ညီစွာ အလုပ်လုပ်နိုင်ဖို့ အထူးအရေးကြီးတယ်။ ယူနိုက်တက်က တစ်လိုင်းချည်းစီလည်း မကောင်း၊ နှစ်လိုင်းစလုံး ပေါင်းလည်း မကောင်းခဲ့ဘူး။ ဒါကြောင့် အစ်ဆွစ်ချ်ဟာ ဘောလုံးကို အလွယ်တကူ ကိုင်ပြီး ကစားကွက် တည်ဆောက်နိုင်ခဲ့တယ်။ ယူနိုက်တက်ကွင်းဘက်ခြမ်းမှာ တက်ကစားနိုင်ခဲ့သလို၊ ဘောလုံးပိုင်ဆိုင်မှု ဆတူ၊ ဘောလုံးပေးပို့မှု မတိမ်းမယိမ်းကို ပိုင်ဆိုင်ခဲ့တယ်။ ယူနိုက်တက်ရဲ့ ပေးပို့မှုတွေက ကိုယ့်ကွင်းခြမ်းမှာ ပေးတာ များပြီး အစ်ဆွစ်ချ်က ယူနိုက်တက်ဘက်မှာ ကျကျနန လူပေးနိုင်ခဲ့တာဖြစ်လို့ အစ်ဆွစ်ချ်ကို ပိုမိုအသိအမှတ်ပြုရမှာ ဖြစ်တယ်။
အစ်ဆွစ်ချ်ဟာ အသင်းကြီးတွေ ကစားတဲ့ ၃−၂−၅ Set-up ကို သုံးနိုင်ခဲ့ပြီး လိဖ်ဒေးဗစ်က ဘယ်တောင်ပံအစွန်းကနေ တောက်လျှောက်ဖိအားပေးတယ်။ ဆမိုဒစ်က အထဲရွေ့ပြီး LAM ဟတ်ချင်ဆန်က RAM ပုံစံတွေက Half-spaces တွေကို ဒုက္ခပေးတယ်။ ဒါကြောင့် နဂိုကတည်းကမှ ဟိုနားဟ ဒီနားဟ ဖြစ်နေတဲ့ ယူနိုက်တက် လွတ်ကွက်တွေ ဆက်တိုက်ပေးရကုန်ပါတယ်။ အိုနာနာရဲ့ ကာကွယ်မှုတွေကြောင့်သာ ချေပဂိုး စောစော မပေးခဲ့ရတာ။ လိဖ်ဒေးဗစ်ရဲ့ Overlapping ကြောင့် အာမတ်လည်း နောက်ခြမ်းဇုန်ထဲ ပို့ခံရပြီး ဘာမှ ပြန်မလုပ်နိုင်တော့ဘူး။ သူ့ရဲ့ အားနည်းတဲ့ဂိမ်းဆီ တွန်းပို့နိုင်ခဲ့တာ ဖြစ်တယ်။ ဂိုးကတော့ ဟတ်ချင်ဆန်ရဲ့ လှပတဲ့ ကန်ချက်ကနေ ရရှိသွားတာ ဖြစ်ပြီး ဒီဂိုးမှာ ကက်စီမီရို လှုပ်လီလှုပ်လဲ့ လုပ်နေတာကို မြင်နိုင်ပါတယ်။
အမော်ရင်မ်ရဲ့ အသင်းမှာ အဲဒီလို နှေးနေတာ၊ တုံ့နေတာက အဆင်မပြေပါဘူး။ စပို့တင်းက မိုရီတာ၊ ယွန်းလ်မန့်၊ ဘရာဂန်ချာတို့ဟာ ကက်စီမီရိုလောက် ကောင်းချင်မှ ကောင်းမယ်၊ ဝုန်းခနဲ ဒိုင်းခနဲ ဖျက်အားပြင်းကြပါတယ်။ Ruthless ဖြစ်ရမယ်၊ ပါဝါပြည့်ရမယ်၊ လှုပ်ရှားနိုင်စွမ်း ပြည့်ရမယ်။ ကက်စီမီရိုက အရွယ်လွန်ခဲ့ပြီဖြစ်တာကြောင့် ဒီဟာကွက်တွေကို မြင်ရတယ်။ နောက်တစ်ကွက်တော့ အီဗန်စ်ပါ။ အီဗန်စ်ဟာ ဘောလုံးကိုင်ချိန်မှာရော၊ ဇုန်ထဲက ထွက်ပြီး ဖိအားပေးတဲ့အချိန်မှာရော အားနည်းချက်တစ်ပုံတစ်ပင် မြင်ရတယ်။ သူလည်း အကျချိန် ရောက်နေသူမို့ အဆိုးတော့ မဆိုသာပါ။ လီချာ၊ အူဂါတေတို့နဲ့ဆိုရင် ပြေလည်နိုင်မယ့် ပြဿနာမျိုးပါ။ ဒါပေမဲ့ ဒီပွဲမှာတော့ အရှိတရားက ကက်စီမီရို−အဲရစ်ဆင်၊ အီဗန်စ်နဲ့ ရင်ဆိုင်ခဲ့ရခြင်းဖြစ်ပြီး ဒီပြစ်ချက်ရဲ့ နောက်ဆက်တွဲတွေကိုလည်း ခံစားခဲ့ရပါတယ်။
ဒုတိယပိုင်းရောက်တော့ အမော်ရင်မ်ဟာ ဂါနာချိုကို တောင်ပံပြောင်းကစားခိုင်းတယ်။ သဘောကျစရာ ကောင်းတဲ့ အပြောင်းအလဲ ဖြစ်ပြီး အာမတ်ကို အကြီးအကျယ်ဒုက္ခပေးနေတဲ့ လိဖ်ဒေးဗစ်ကို ပြန်ထောက်လိုက်တဲ့ ကောင်တာတစ်ကွက် ဖြစ်ပါတယ်။ ဒေးဗစ် ရှေ့ကို လွတ်လပ်စွာ တက်လာခွင့် မရှိတော့ဘဲ အစ်ဆွစ်ချ်ရဲ့ ကစားခွင်ဟာ ပြန်ကျဉ်းသွားတာကို မြင်ရတယ်။ ဒါပေမဲ့ ယူနိုက်တက်ဟာ ချိတ်ဆက်တွေ လွဲနေတဲ့အတွက် ကစားအားကို တင်နိုင်ခြင်း မရှိ၊ ကစားကွက်ကို စိုးမိုးနိုင်ခြင်း မရှိပါဘူး။ ယူနိုက်တက်မှာ လုံလောက်တဲ့ Passer မရှိသလို၊ ပေးပို့ဖို့လမ်းကြောင်းတွေကို ဖွင့်ပေးနေတဲ့ Sacrificial runner တွေလည်း မရှိဘူး။ ငြိမ်လွန်းတာကြောင့် ဘယ်သူ့ကို ပေးမယ်၊ ပြီးရင် ဘယ်သူ့ ထပ်ပေးမယ်ဆိုတာ သိသာနေတယ်။ ဒီကြားထဲမှာ သာမန်ပေးပို့မှုတွေကိုတောင် လွဲအောင် ပေးနေတဲ့ ဒါလို၊ ကက်စီမီရိုတို့တစ်သိုက်ကြောင့် ပိုဆိုးသွားတယ်။
ပွဲကို ထိန်းနိုင်တဲ့ Passing network တစ်ခု ပုံပေါ်ဖို့ ခံစစ်မှာ မက်ဇ်ရာအိုအီလို ပေးနိုင်တဲ့ နောက်တစ်ယောက် (ဥပမာ − လီချာ) လိုအပ်ပြီး ကွင်းလယ်မှာ ဘရူနိုလို တစ်ယောက် လိုပါတယ်။ ယူနိုက်တက်ကွင်းလယ်ရဲ့ ပေးပို့မှုအောင်မြင်နှုန်းကို ကြည့်ရင် ကက်စီမီရို (၇၀ %၊ ၁၆ ကြိမ်)၊ အဲရစ်ဆင် ၈၀%၊ ၃၃ ကြိမ်) ရယ်လို့ တွေ့ရပြီး တော်တော်အားနည်းတဲ့ စွမ်းဆောင်ရည်ပါ။ အစ်ဆွစ်ချ်က မော်ဆီ (၉၆%၊ ၆၇ ကြိမ်) နဲ့ ကာယူစတေ (၈၉%၊ ၃၃ ကြိမ်) တို့ကတောင် Volume ရော Accuracy ပါ သိသိသာသာ ပိုများနေတယ်။ ဒါကြောင့် ပွဲကို တမ်ပိုမြှင့်ဖို့ လိုအပ်နေ၊ ထိန်းချုပ်ဖို့ လိုအပ်နေပေမဲ့ မထိန်းနိုင်ခဲ့တာလည်း မဆန်းဘူး။ ပထမပိုင်းကတည်းက ဘရူနိုနဲ့ ဂါနာချိုတို့ နောက်ဘက် အရမ်းပြန်ဆင်းရပြီး ဒါဟာ အသင်းရဲ့ Shape ကို ပျက်ပြားစေတယ်။ ဒုတိယပိုင်း တိုက်စစ်ကစားဖို့ ဖြစ်လာချိန်မှာတော့ ပိုတောင် ညံ့သွားသေးတယ်။
မတည်ငြိမ်တဲ့ အသင်းဟာ လူစားလဲမှုတွေ အမျိုးမျိုးနဲ့ ပုံစံအဖုံဖုံ ပြောင်းတော့ ဘယ်ပုံစံ တည်ရမှန်းကို မသိတော့ဘူး။ လုခ်ရှော၊ အူဂါတေ လူစားလဲမှုကို ထောက်ခံပေမဲ့ ပွဲချိန် ၆၈ မိနစ်မှာ ဇစ်ခ်ဇီး နဲ့ ဟွိုက်လန်း ဝင်လာခြင်းက အသင်းကို ပိုပြီးပုံပျက်သွားစေတယ်လို့ ယူဆမိတယ်။ အခြေမခိုင်ဘဲ အပေါ်ဘက်မှာ အပြောက်အမွမ်းတွေ ထပ်ထည့်သလို ဖြစ်နေတယ်။ ဘရူနိုကို Deeper area ဆင်းကစားစေတာက ဖြစ်သင့်ပေမဲ့ ပြဿနာက ဘရူနို ဆင်းလာတဲ့အခါ ရှေ့မှာ ဘရူနိုလို လုပ်နိုင်တဲ့သူ မရှိဘူး။ ဇစ်ခ်ဇီးက Anti-dynamic ကစားသမားပဲ။ အရည်အသွေးကောင်းတွေ ရှိပေမဲ့ သူက ဒီနည်းပြရဲ့ ပုံစံနဲ့ အဆင်မပြေပါဘူး။ ဒါကြောင့် အနိုင်ဂိုးရဖို့ အသည်းအသန်လိုအပ်နေပေမဲ့ ဘာမှ လောက်လောက်လားလား မမြင်ခဲ့ရဘဲ ပရိသတ်တွေ စိတ်ပျက်ခဲ့ရတဲ့ နိဂုံးမိနစ်တွေကို ပိုင်ဆိုင်ခဲ့တယ်။ ပထမပိုင်းခြေစွမ်းကမှ ရင်နည်းနည်းခုန်ရသေးတယ် ပြောရမလားပဲ။
အဆုံးသတ်မှာတော့ ယူနိုက်တက်ဟာ သရေကတောင် မဆိုးဘူးဆိုတဲ့ အခြေအနေနဲ့အတူ ရမှတ်တစ်မှတ်နဲ့ အိမ်ပြန်လာခဲ့ပါတယ်။ ပရိသတ်တွေ မျှော်လင့်ထားကြတဲ့ ပျားရည်ဖုံးလွှမ်းနိဒါန်းတစ်ခုတော့ ဖြစ်မလာခဲ့ဘူး။ အမော်ရင်မ်အတွက် လုပ်စရာတွေ ပြင်စရာတွေ အများကြီး ရှိနေတယ်ဆိုတာ ခေါင်းလောင်းထိုးလိုက်တဲ့ ပွဲ ဖြစ်ပြီး ပရိသတ်တွေအတွက်လည်း အမော်ရင်မ်ကို အချိန်ပေးရမယ်၊ ၃−၄−၂−၁ အတွက် လိုအပ်ချက်တွေ ရှိနေသေးတယ်ဆိုတာ လက်ခံရမယ့် ပွဲအဖြစ် ရှိခဲ့ပါတယ်။ ဘာမှ မရရင်တောင်၊ သင်ခန်းစာတော့ ရခဲ့တဲ့ ပွဲပါပဲ။ အမော်ရင်မ်ကတော့ သူ့ ဝိသေသ၊ သူ့ဇ ကို ရဲရင့်စွာ ထုတ်ပြခဲ့ပြီဖြစ်လို့ ဘာတွေ ပြင်ဆင်ပြီး ဘယ်လို ရှေ့ဆက်ပြမလဲဆိုတာ ဆက်လက်စောင့်ကြည့်သွားရပါလိမ့်မယ်။
Subscribe





