မန်ယူနိုက်တက်က ချယ်လ်ဆီးကို သရေကစားပြီး ဒီအသင်းနဲ့တွေ့ရင် ပရီးမီးယားလိဂ်အိမ်ကွင်း ရှုံးပွဲမရှိတာ ၁၂ ပွဲမြောက်အထိ ဖြစ်လာခဲ့ပါပြီ။ ဒီမှတ်တမ်းတွေနဲ့ ယှဉ်လိုက်ရင်၊ ရခဲ့တဲ့ အခွင့်အရေးတွေနဲ့ ယှဉ်လိုက်ရင်တော့ သရေပွဲက မချင့်မရဲ ဖြစ်ချင်စရာလိုလိုပဲ။ ဒါပေမဲ့ အခက်အခဲမျိုးစုံ ကြုံတွေ့နေရချိန်၊ ယာယီနည်းပြနဲ့ နှစ်ပါးသွားနေရချိန်မှာ ဒီရလဒ်ကို မဆိုးဘူးလို့လည်း ပြောနိုင်တယ်။ ဘာပဲဖြစ်ဖြစ် ဒီရာသီမှာတော့ ချယ်လ်ဆီးက ယူနိုက်တက်ထက် ပိုကောင်းတဲ့ခြေစွမ်းကို ပြသထားနိုင်တဲ့ အသင်းပဲလေ။ ဒါကြောင့် နစ္စတယ်ရွိုင်းရဲ့အသင်း ရှာပေးခဲ့တဲ့ တစ်မှတ်ကိုလည်း မဆိုးဘူးလို့ ပြောနိုင်ပါတယ်။
ဆိုးတာကတော့ အသင်းရဲ့ အခွင့်အရေးတွေ အဆုံးသတ်ပုံ၊ အခွင့်အရေးတွေကို အသုံးပြုပုံပါ။ ဒီပွဲမှာ Big chances ၄ ကြိမ် ရခဲ့ပြီး ဒါဟာ ချယ်လ်ဆီးရခဲ့တဲ့ ၁ ကြိမ်နဲ့ ယှဉ်ရင် အပြတ်အသတ် များပါတယ်။ Big chances ရယ်လို့ မဖြစ်ခဲ့ပေမဲ့ Big chances တွေ ဖြစ်လာနိုင်တဲ့ အခင်းအကျင်းတွေလည်း အများကြီး ဖန်တီးနိုင်ခဲ့တယ်။ ဒါပေမဲ့ ယူနိုက်တက်ဟာ အခွင့်အရေးတွေကို အသုံးပြုပုံ အားနည်းလွန်းပါတယ်။ အသုံးပြုပုံ အားနည်းတယ်ဆိုတာက အဆုံးသတ်ပုံ အားနည်းခြင်းထက် အခြေအနေဆိုးတယ်။ အဆုံးသတ်အားနည်းတာက ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘောပါပဲ။ အပိုင်အခွင့်အရေးရလည်း ဝင်ချင်မှ ဝင်မယ်။ များများစားစား လုပ်ခွင့်မရှိပေမဲ့ အထိုင်အလျောက်တော့ ဒါကို နားလည်ပေးလို့ရတယ်။
ပြဿနာက အခွင့်အရေးတွေ ရလာတဲ့အခါ အသုံးပြုပုံ။ ပွဲချိန် ၂၄ မိနစ်မှာ ဟွိုက်လန်း ရပ်ရှ်ဖို့ဒ် ဂါနာချို ၃ ယောက် ကောင်တာလွတ်သွားတယ်။ ဟွိုက်လန်း ဖြတ်တင်တယ် ရပ်ရှ်ဖို့ဒ်က ယူမယောင်နဲ့ ရှောင်ပေးလိုက်ပြီး ဂါနာချို ရတယ် ကန်တယ်။ ကန်ချက် အသုံးပြုပုံ ညံ့ဖျင်းသွားတယ်။ ပွဲချိန် ၂၆ မိနစ်မှာ ဝုန်းခနဲ ကောင်တာ တစ်ကြိမ် လွတ်ပြန်တယ်။ ဟွိုက်လန်း ရတယ်။ ပေးဖို့ နှေးကွေးဆိုင်းငံ့နေတာနဲ့ ဂါနာချို လူကျွံသွားတယ်။ တကယ်တော့ အဲဒီအလုံးကို လူမကျွံအောင် ပေးဖို့ ဘာမှ မခက်ခဲပါဘူး။ ပွဲချိန် ၆၄ မိနစ်မှာ ဘရူနိုရဲ့ ပေးပို့မှုကနေ တစ်ဆင့် ဂါနာချို လွတ်ပြန်တယ်။ ညံ့ဖျင်းတဲ့ ကန်ချက်တစ်ကြိမ် ထပ်ကန်တယ်။ ဒီလို ကန်တောင် မကန်လိုက်တဲ့ ဖြစ်ရပ်တွေလည်း အများကြီး ရှိခဲ့တယ်။ ဒါတွေဟာ အသုံးပြုပုံ ညံ့ဖျင်းခြင်း Extremely bad execution တွေ ဖြစ်ပါတယ်။
ဂါနာချိုက ဒီပုံစံရဲ့ အဓိကပြယုဂ်ပဲ။ သူ့ဆီက ဆုံးဖြတ်ချက်အလွဲတွေ ဆက်တိုက် တွေ့ရတယ်။ လူပေးရင် တိတိကျကျ မရောက်ဘူး။ ခနော်ခနဲ့ အရမ်းဖြစ်တယ်။ ဘောလုံးပေးပို့မှုတွေဟာ ပေးပို့သူရဲ့ အရည်အသွေးပေါ် မူတည်ပြီး စက္ကန့်ပိုင်းအတွင်း အခွင့်အရေး ကွာခြားတတ်တယ်။ Pass quality လို့ပဲ အလွယ်ခေါ်ကြပါစို့။ တိုနီခရို့စ်ဆီက ထွက်လာတဲ့ ဘောလုံးတွေဟာ လက်ခံရတဲ့သူအတွက် သက်သောင့်သက်သာ ရှိပြီး ဖြစ်ရမယ့် Angle တွေအတွက် ဖွင့်ပြီးသား ဖြစ်တယ်။ ဂါနာချိုဟာ တိုနီခရို့စ်နဲ့ နှိုင်းစရာ မဟုတ်ပါဘူး။ ပေးပို့မှုရဲ့ သဘောကို မြင်သာစေချင်လို့ပါ။ ဂါနာချို ဘောလုံးပေးတယ်၊ ဖြတ်တင်တယ်၊ လူဆီ ရောက်ရင် ပြီးရောဆိုတဲ့ အဆင့်လောက်ပဲ ရှိတယ်။ သူက အကြိမ်အများဆုံး အားနည်းတဲ့သူမို့ သူ့ကို ဥပမာပေးရတာဖြစ်ပြီး ယူနိုက်တက်ရဲ့ ကျန်ကစားသမားတွေမှာလည်း ဒီလိုအခိုက်အတန့်တွေ များစွာ တွေ့ရပါတယ်။
ဒါက အရေးမပါသယောင် ထင်ရပေမဲ့ တကယ်တမ်းမှာ သိပ်အရေးပါတယ်။ တစ်ချက်တည်းပေးလို့ ပြီးတဲ့ နေရာမှာ နှစ်ချက်လောက် ပေးရတယ်။ တစ်ကြိမ်တည်း လမ်းကြောင်းပွင့်မယ့်အရေးမှာ နှစ်ကြိမ် ကြိုးစားရတယ်။ အချိန်တွေ၊ အင်အားတွေ ကုန်ပါတယ်။ ဂါနာချိုက ကလေးသာသာပဲ ရှိသေးလို့ တိုက်စစ်အတွက် သူ့ကို လုံးလုံးမှီခိုနေရတာ အသင်းရဲ့ လိုအပ်ချက်ပါ။ ရပ်ရှ်ဖို့ဒ်က အကောင်းဆုံးအရွယ်မှာ ရှိနေသူဖြစ်ပေမဲ့ တိုက်စစ်ကို ဦးဆောင်နိုင်စွမ်း မရှိဘူး (သို့မဟုတ်) လတ်တလောမှာ ပျောက်ဆုံးနေတယ်။ ဟွိုက်လန်းကတော့ Channels တွေထဲ ဝုန်းဒိုင်းကြဲ ပြေးဝင်တဲ့ဂိမ်းတစ်မျိုးပဲ ကစားတတ်တယ်။ ဒီနေ့ပွဲမှာဆိုရင် ဘယ်တိုက်စစ်မှူးမဆို ကစားရ မခက်ခဲ့တဲ့ ဖိုဖာနာကို ဟွိုက်လန်းက ခက်နေတယ်။ ဂိုးကို ကျောပေးပြီး သူ ကျင်ကျင်လည်လည် မကစားတတ်ဘူး။ အားနည်းချက်အကြီးကြီးလားဆိုတော့ အဲဒီလိုလည်း မဟုတ်ပေမဲ့ တစ်ဦးချင်းစီရဲ့ အားနည်းချက်တွေ ပေါင်းလိုက်တဲ့အခါ အသင်းက လိုအပ်ချက်ကြီးသွားတယ်။
ဥပမာအားဖြင့် ယူနိုက်တက်မှာ မိုဆာလာလို ကစားသမားမျိုး တစ်ဦးပဲ ပါဝင်ကြည့်၊ ညကပွဲလို လွတ်တဲ့ အခြေအနေတွေမှာ ဂိုးရသွားမှာပါ။ ဒီလိုပဲ ကွင်းလယ်မှာဆိုရင် ဘရူနိုက Pass completion နည်းလွန်းတယ်။ ကစားပုံ မသပ်ရပ်ဘူး။ ဒါဟာ သူ့နောက်မှာ ပီယာလို၊ ပေါလ်စခိုးလ်တို့နဲ့ တွဲကစားရရင်တော့ အဆင်ပြေမှာပါ။ ဒါပေမဲ့ ကက်စီမီရို၊ အူဂါတေနဲ့ဆိုရင် အဆင်မပြေဘူး။ ကွင်းလယ်ဝင်ရိုး ၃ ယောက်မှာ တစ်ယောက်မှ Pass completion ၈၀ ရာခိုင်နှုန်း မကျော်ဘူးဆိုရင် ဒါက မှားနေပါပြီ။ ပွဲအတွက် Game model ဟာ ဘယ်လိုပဲ တိုက်ရိုက်တိုက်စစ်ဆင်မှု Direct attacking ဖြစ်ပါစေ၊ ကောင်တာကစားခြင်း Transitional play ဖြစ်ပါစေ၊ မော်ဒန်ဘောလုံးမှာ Control ဆိုတာ လိုကိုလိုအပ်ပါတယ်။ သဘောက ကွင်းလယ်မှာလည်း အဲဒီလို အဟတွေ ရှိတယ်။ ဒါကြောင့် အသင်းက ပွဲရဲ့ အခြေအနေဟာ ဘယ်လိုပဲ ဖြစ်နေပါစေ၊ Direct attack ကိုပဲ တန်းသွားနေရပါတယ်။
ဒီအခါမှာ အခွင့်အရေးကို အသုံးချနိုင်စွမ်းက အရေးကြီးလာတယ်။ ကိုယ်က ပွဲကိုထိန်းချုပ်နိုင်မှု အစွမ်းကို စွန့်ပစ်ထားလိုက်ပြီ (သို့မဟုတ်) အားနည်းနေပြီကိုး။ ယူနိုက်တက်ဟာ အဲဒီအချိန်မှာ အသုံးမချနိုင်တော့ ဆိုးကျိုးတွေ ခံစားရဖို့ ဖြစ်လာတယ်။ ဝက်စ်ဟမ်းနဲ့ပွဲကို ဥပမာ ကြည့်နိုင်ပါတယ်။ ဒီပွဲမှာတော့ ကိုယ့်ဘက်က အသုံးမချနိုင်တာ များပေမဲ့ ပြိုင်ဘက်ကိုလည်း အခွင့်အရေးမပေးရအောင် သတိမလပ် အသိကပ်ထားနိုင်ခဲ့လို့ တော်ကာကျသွားပါတယ်။ ယူနိုက်တက်ဟာ ၄−၂−၄/၄−၁−၄−၁ ပုံစံ Pressing တွေကို သုံးခဲ့ပြီး Hard press တော့ ဖြစ်ပေမဲ့ High up the pitch သိပ်မကစားဘဲ သူတို့ပိုမိုပိုင်နိုင်တဲ့ Middle block game ဘက် သွားခဲ့တာ မြင်ရတယ်။ အလုပ်လည်း ဖြစ်တယ်။ ချယ်လ်ဆီးရဲ့ 3-box-3 ပုံစံဖော်ဖို့၊ အထူးသဖြင့် မာရက်စ်ကာရဲ့ ၃−၂−၂−၃ က သိသိသာသာ အားနည်းသွားခဲ့တယ်။ ဂူစတိုကို ပထမပိုင်းအပြီး လူစားလဲလိုက်ရပြီး ကူကူရေယာနဲ့ ပုံစံပြောင်းကစားတော့လည်း သိပ်အကောင်အထည်မပေါ်လာခဲ့ဘူး။ အကျိုးဆက်အနေနဲ့ ကိုးလ်ပါးမားပါ လုပ်ကွက်နည်းသွားပြီး ယူနိုက်တက်လည်း အသက်ရှူချောင်ခဲ့တယ်။
ဒီအတွက် အရေးပါခဲ့တဲ့အထဲမှာ မက်ဇ်ရာအိုအီကို ထည့်ပြောမှ ရမယ်။ ဒါလိုကို ဘယ်ခြမ်းမှာ ထားပြီး ကွင်းလယ်ကို ပေါင်းကစားခိုင်းပုံထက် များစွာသာတဲ့ ကစားဟန်ကို ခံစစ်၊ ကွင်းလယ်၊ တိုက်စစ် Phase အမျိုးမျိုးမှာ ပြသခဲ့တယ်။ ပါးမား ညာခြမ်းလာကစားတဲ့ ဒုတိယပိုင်းမှာ မက်ဇ်ရာအိုအီအနေနဲ့ ခံစစ်ပိုင်းတာဝန် လစ်ဟင်းခြင်း မရှိခဲ့သလို၊ တစ်ပွဲလုံးလည်း ချယ်လ်ဆီးမှာ ညာတောင်ပံတိုက်စစ်ကစားသမားမှ ပါရဲ့လားလို့ မေးရလောက်အောင် သူ့တောင်ပံတစ်ကြောကို ထိန်းချုပ်နိုင်ခဲ့တယ်။ ဒါ့အပြင် သူ့ရဲ့ ကွင်းလယ် ပေါင်းကစားမှု၊ လိုအပ်ရင် တိုက်စစ်တက်ထောက်မှုတွေက စပယ်ရှယ်ပဲ။ သူ့ရဲ့ လွှမ်းမိုးနိုင်စွမ်းကြောင့် ချယ်လ်ဆီးရဲ့ ညာခြမ်း ဆွံ့အခဲ့တယ်လို့လည်း ပြောလို့ရတယ်။
ပွဲကို ခြုံကြည့်လိုက်ရင်တော့ အသင်းကြီးနှစ်သင်းရဲ့ ပွဲလို့ ပြောဖို့အားမရှိတာ အမှန်ပါပဲ။ အားကောင်းမှုတချို့တွေ တွေ့ရတယ်။ ဒါပေမဲ့ အဲဒါတွေက ပြန့်ကျဲနေတယ်။ အားကောင်းမှုတွေက တစ်ခုနဲ့တစ်ခု ကွင်းဆက်လို ချိတ်ပြီး အသင်းတစ်သင်းအနေနဲ့ ပုံပေါ်ရမယ်။ အားနည်းတဲ့အရာတွေကို ပျောက်အောင် လုပ်နိုင်ရမယ်။ ဒါမှ အသင်းကြီးတစ်သင်းရဲ့ ဟန်ပန် ပေါ်မှာ၊ အသင်းကောင်းတစ်သင်းရဲ့ ဟန်ပန် ပေါ်မှာပါ။ ဘာပဲဖြစ်ဖြစ် ခက်ခဲတဲ့ ကာလတစ်ခုမှာ ဒီလိုကစားနိုင်ခဲ့တာကိုတော့ မဆိုးဘူးလို့ သတ်မှတ်ရပါမယ်။ နစ္စတယ်ရွိုင်းကိုလည်း အသိအမှတ် ပြုရပါမယ်။ သူ ယူလာတဲ့ Positivity နဲ့ အားမာန်က အသင်းကို ရွှင်ရွှင်ပျပျ ပြန်ဖြစ်စေပါတယ်။ ရွိုင်ကင်းတို့တစ်သိုက် ပြောနေတဲ့ အခြေအနေက စိတ်ကူးယဉ်အားဖြင့်သာ မှန်ကန်ပြီး လက်တွေ့မှာတော့ အဲဒီလောက် မလွယ်ပါဘူး။ မန်ယူနိုက်တက်မကလို့ ယူနိုက်တက်ထက် အဆတစ်ရာကြီးမားခမ်းနားတဲ့ အသင်းကြီးပဲ ရှိပါစေဦး၊ ဒီလိုအခြေအနေတွေမှာ ခက်ခဲမှာပါပဲ။ ပြဿနာတွေ ရှိတာပါပဲ။ ဒီအခြေအနေတွေကြားထဲက လက်ခံလို့ရတဲ့ သရေပွဲတစ်ခုအဖြစ် ယူနိုက်တက်အသင်း ကစားနိုင်ခဲ့ပါတယ်။
Subscribe





