အောက်တိုဘာ (၈) ရက်နေ့က INEOS ရဲ့ လန်ဒန်ရုံးချုပ်မှာ ပြုလုပ်ခဲ့တဲ့ အစည်းအဝေးမှာလည်း ယူနိုက်တက်တာဝန်ရှိသူတွေဟာ Deja Vu လိုခံစားချက်မျိုး ရရှိခဲ့ကြမှာ မလွဲဧကံပါပဲ။ အဲရစ်တန်ဟက်ကို ထုတ်ပယ်ဖို့အရေး အလေးအနက်ဆွေးနွေးကြခြင်းဟာ ဒီအတောအတွင်း တကြိမ်နှစ်ကြိမ်မှ မကခဲ့ပဲကိုး။
ဒီလို ထပ်တူနီးပါးအခြေအနေမျိုးတွေဟာ မေလတုန်းကရော၊ မိုနာကိုမှာ ဆာဂျင်မ်ရက္ကလစ်ဖ်ကိုယ်တိုင် နည်းပြအပြောင်းအလဲလုပ်ဖို့ ပထမဆုံးအကြံပေးခဲ့တုန်းကရော ကြုံခဲ့ဖူးပါပြီ။ အဲဒီကာလမှာ နည်းပြသစ်တွေကို ရှာဖွေလျာထားခဲ့ပြီးဖြစ်တဲ့အပြင် FA Cup ဗိုလ်လုပွဲမှာ စီးတီးကို အံ့အားသင့်ဖွယ်အနိုင်ရခဲ့ခြင်းကိုတောင် ထည့်တွက်တော့မှာမဟုတ်ဘူးလို့ သတင်းထွက်ခဲ့ပေမဲ့ နောက်ဆုံးမှာတော့ တန်ဟက်ကပဲ တနှစ်ထပ်ပြီး သက်ဆိုးရှည်ခဲ့ပါတယ်။
ဒီတကြိမ်မှာတော့ တန်ဟက် တကယ်”ပြုတ်” ပါပြီ၊ ဆုံးဖြတ်ချက်ကိုအတည်ပြုဖို့ ရက်ပေါင်း (၂၀) လောက်ကြာမြင့်ခဲ့ပေမဲ့လည်းပေါ့။
ဒီအတောအတွင်းမှာပဲ ယူနိုက်တက် CEO အိုမာဘယ်ရာဒါ၊ အားကစားဒါရိုက်တာ ဒန်အက်ရှ်ဝေါ့သ်နဲ့ နည်းစနစ်ဒါရိုက်တာ ဂျေဆန်ဝီလ်ကော့စ်တို့က နည်းပြသစ်အတွက် လိုအပ်မယ့် အချက်အလက်တွေကို ဆာဂျင်မ်ရက္ကလစ်ဖ်၊ ဂျိုဝဲလ်ဂလေဇာ၊ ဘုတ်အဖွဲ့ဝင် ဆာဒေ့ဗ်ဘရေးလ်ဖို့ဒ်၊ INEOS ကတာဝန်ရှိသူတချို့နဲ့ ယူနိုက်တက် COO ကောလတ်ထ်ရော့ချ် တို့ ပါဝင်တဲ့ အစည်းအဝေးမှာ တင်ပြခဲ့ပါတယ်။
အသင်းရဲ့ အမှုဆောင်ကော်မတီဟာ ကြော်ငြာကိစ္စတွေကစလို့ ကွင်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေအထိ အသေးစိတ်ဆွေးနွေးဖို့ လစဉ်အစည်းအဝေးလုပ်လေ့ရှိပါတယ်။ ဒီအတွက် နေရာကဏ္ဍအစုံက တာဝန်ရှိသူတွေပါဝင်မယ်ဆိုတာကိုတော့ ပြောစရာလိုမယ်မထင်ပါဘူး။ ဒီလရဲ့အစည်းအဝေးမှာတော့ နည်းပြရဲ့အနာဂတ်ကို အဓိကထားပြီးဆွေးနွေးခဲ့ပါတယ်။
ရော့ချ်ကတော့ စီးပွားရေးနဲ့ပတ်သက်တဲ့အပိုင်းတွေဆွေးနွေးပြီးနောက် နည်းပြထုတ်ပယ်ခြင်း/ မထုတ်ပယ်ခြင်းကိစ္စမတိုင်ခင်မှာ အစည်းအဝေးကနေ အရင်ပြန်သွားခဲ့တဲ့ သူတွေထဲ ပါခဲ့ပါတယ်။ အဲဒီကိစ္စကလည်း ယူနိုက်တက်ရဲ့ ရေရှည်အနာဂတ်အကြောင်းနဲ့ (INEOS က အလုံးစုံတာဝန်ယူထားတဲ့) ဘဏ္ဍာရေးဆိုင်ရာ အကြောင်းအရာတွေ ပြောဆိုနေရင်းမှာ ပါဝင်လာခဲ့တာဖြစ်ပါတယ်။
ပြောရရင် တန်ဟက်ကိစ္စ အချေအတင်ဆွေးနွေးနေတဲ့တလျှောက်မှာ ယူနိုက်တက်ရဲ့ ဘဏ္ဍာရေးဟာ အဓိကအကြောင်းအရာအဖြစ် ပါဝင်ခဲ့တာဖြစ်ပါတယ်။ အရင်ရာသီပြီးဆုံးသွားချိန်မှာ သူ့ကိုထုတ်ပယ်ပြီး နည်းပြသစ်ခန့်ရမယ့် ကုန်ကျစရိတ်ဟာ ဘုတ်အဖွဲ့အတွက် စဉ်းစားစရာဖြစ်ခဲ့ပါတယ်တဲ့။ ဒါပေမဲ့ ပရမ်းပတာဆန်တာကိုပြောရရင်တော့ သူ့အတွက် ၁၂ လ သက်တမ်းတိုး စာချုပ်ရယ်၊ အခုထုတ်ပယ်တဲ့အချိန်မှာပေးရတဲ့ လျော်ကြေးရယ်ကို ချိန်ဆကြည့်လိုက်တဲ့အခါ ဆင်ဖိုးထက် ချွန်းဖိုးက ကြီးသွားတာပါပဲ။
အတိအကျဆိုရင် ဒီအတွက် ယူရို ၁၅ သန်းလောက်အပိုကုန်ကျခဲ့လိမ့်မယ်လို့ခန့်မှန်းရပါတယ်။ ဒီပမာဏဟာ ယူနိုက်တက်ရဲ့ ဆိုးဝါးတဲ့ရလဒ်တွေ၊ UEFA နဲ့ ပရီးမီးယားလိဂ်ရဲ့ ဘဏ္ဍာရေးစည်းမျဉ်းတွေကို ဖယ်ထားလိုက်မယ်ဆိုရင်တော့ သိပ်ရေးကြီးခွင်ကျယ်မဟုတ်လှပါဘူး။ တာဝန်ရှိသူတွေကသာ အသင်းရဲ့အခြေအနေကို တိုးတက်အောင် လုပ်ဆောင်ပေးနိုင်မယ်ဆိုရင် ဒီကုန်ကျစရိတ်တွေဆိုတာ လျှော်ပစ်လိုက်လို့ရပါတယ်။ အသင်း (၂၀) ရှိတဲ့ ပရီးမီးယားလိဂ်မှာ အဆင့် (၁၄) ရောက်နေတာရယ်၊ (၃၆) သင်းရှိတဲ့ ယူရိုပါလိဂ်မှာ အဆင့် (၂၁) ဖြစ်နေတာရယ်ကသာ ပိုကြီးတဲ့ပြဿနာလို့ အသင်းဖက်က ယူဆပါတယ်။
အခြေအနေတွေ ဆိုးရွားနေခဲ့ပေမဲ့လည်း တန်ဟက်ရဲ့ရာထူးနဲ့ပတ်သက်ပြီး အမှုဆောင်ကော်မတီရဲ့လစဉ်အစည်းအဝေးမှာ ချက်ချင်းဆုံးဖြတ်ခဲ့တာတော့မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီပုံစံကနေ ဘာမှထူးမခြားနားလာဘူးဆိုရင်တော့ ရုတ်ချည်းအကောင်အထည်ဖော်ရမယ့်အရေးပေါ်အစီအစဉ်တခုကို တွက်ချက်ရေးဆွဲထားခဲ့ပြီးဖြစ်ပါတယ်။
အဲဒီအစီအစဉ်ဟာ နည်းပြသစ်ရွေးချယ်ခြင်းကနေစပါတယ်။ သိကြတဲ့အတိုင်း ရူဘင်အာမိုရင်ကတော့ ပထမဦးစားပေးပေါ့။ ယူနိုက်တက်အနေနဲ့ အာမိုရင်ကို ရာသီမစခင်ထဲက မျက်စိကျခဲ့ဖူးပေမဲ့ နှစ်ဖက်ဆွေးနွေးမှုတွေအပြီးမှာ အချိန်မတန်သေးဘူးလို့ ယူဆခဲ့ကြပါတယ်။ အဲဒီတုန်းက သူ့ရဲ့စာချုပ်ဖျက်သိမ်းကြေးဟာ လက်ရှိအချိန်ထက် မြင့်မားနေခဲ့တာကြောင့်အပြင် တန်ဟက်ကို စောင့်ကြည့်ချင်ခဲ့သေးတာကြောင့်လည်း ပါပါလိမ့်မယ်။
ယူနိုက်တက်ဘက်ကနေ ခုလိုအခြေအနေတွေမတိုင်ခင်ထဲက အာမိုရင်ကို အသံတိတ်စောင့်ကြည့်နေခဲ့တာဖြစ်ပြီး သူ့အနေနဲ့ စပို့တင်းမှာ ချန်ပီယံလိဂ်ပြိုင်ပွဲဝင်နေရပေမဲ့ ယူနိုက်တက်ကိုငြင်းဖို့မရှိတဲ့အကြောင်း၊ ငွေရေးကြေးရေးအရလည်း အခက်အခဲမရှိနိုင်ကြောင်းကို သေချာအောင် စီစဉ်ထားပြီးဖြစ်ပါတယ်။ စာချုပ်ဖျက်သိမ်းကြေး (၁၀) သန်းဟာ ယူနိုက်တက်အတွက် ပြဿနာမဟုတ်သလို အသင်း CEO ဘယ်ရာဒါကလည်း အာမိုရင်ရဲ့ ပရိသတ်ဖြစ်နေပါတယ်။ သူ့ကိုခန့်အပ်လိုက်ခြင်းဟာ ဘုတ်အဖွဲ့တခုလုံးရဲ့ဆုံးဖြတ်ချက်ဆိုသော်ငြား နောက်ကွယ်မှာတော့ ဘယ်ရာဒါတယောက်တည်းရဲ့ အားထုတ်မှုတွေ များစွာပါဝင်နေခဲ့ပါတယ်။ > Min Khant Bo Khant: တန်ဟက်အတွက်လျော်ကြေးနဲ့ အာမိုရင်ရဲ့စာချုပ်ဖျက်သိမ်းကြေးတို့ဟာ ဘဏ္ဍာရေးစည်းမျဉ်းတွေကြားမှာ ယူနိုက်တက်ကို အနည်းငယ်အကြပ်ရိုက်စေခဲ့တာတော့အမှန်ပါပဲ။ ဒါပေမဲ့ ရက္ကလစ်ဖ်ကတော့ မီးစင်ကြည့်ကပြီး နောက်ကိစ္စနောက်ရှင်းမယ်ဆိုတဲ့ ပုံစံမျိုးရှိနေခဲ့တယ်လို့ သိရပါတယ်။
ဒီလိုကိစ္စမျိုးတွေမှာ ရက္ကလစ်ဖ်ရဲ့ လုပ်ပိုင်ခွင့်ကိုလည်း လျှော့တွက်လို့မရပါဘူး။ ဆုံးဖြတ်ချက်တိုင်းဟာ ဘယ်ရာဒါနဲ့ အက်ရှ်ဝေါ့သ်တို့လက်ထဲမှာရှိတယ်လို့ သူကိုယ်တိုင်ပြောထားပေမဲ့ သူ့ရဲ့ထောက်ခံချက်မပါပဲ အထက်မှာပြောခဲ့တဲ့ကိစ္စတွေ တခုမှဖြစ်လာဖို့မရှိပါဘူး။ သူသာဖိအားပေးခဲ့မယ်ဆိုရင် နွေရာသီမှာကတည်းက တန်ဟက်ရဲ့ယူနိုက်တက်နဲ့အနာဂတ်ဟာ ပြီးဆုံးသွားခဲ့ပါပြီ။ ဒါပေမဲ့ သောမတ်စ်တူချယ်နဲ့ဆွေးနွေးမှုက ဂျာအေးသူ့အမေရိုက်ပြီးဝေ့နေတာ၊ ဒီဇာဘီကိုလည်းမရလိုက်တာတွေကြောင့်သာ ပိုနေမြဲ ကျားနေမြဲ ဖြစ်သွားခဲ့တာပါ။
အာမိုရင်ဆိုတဲ့နည်းပြဟာ စီးတီးမှာ ဂွာဒီယိုလာရဲ့ဆက်ခံသူဖြစ်လာနိုင်တယ်လို့တောင် သတ်မှတ်ခြင်းခံထားရသူဖြစ်တဲ့အတွက်လည်း သူ့ကို ခန့်အပ်ခြင်းဟာ ယူနိုက်တက်အတွက် ကြီးမားတဲ့စွန့်စားမှုတော့ မဟုတ်တန်ရာပါဘူး။
ဥရောပအဆင့် ပြိုင်ပွဲတွေမှာ အများကြီး လုပ်မပြထားနိုင်ခဲ့ပေမဲ့ အသင်းကြီးနည်းပြဖြစ်တဲ့ ပထမဆုံး (၄) ရာသီမှာတင် အမှတ်ပေးဖလား (၂) လုံး၊ ရှုံးထွက်ဖလား (၃) လုံးယူပြထားတဲ့ (၃၉) နှစ်အရွယ် အာမိုရင်ဟာ ကိုယ်ရည်ကိုယ်သွေးကောင်းမွန်ပြီး အသင်းကို ဆွဲဆောင်မှုရှိတဲ့ကစားဟန်တခု ယူဆောင်လာပေးနိုင်လိမ့်မယ်လို့ ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေက ယူဆထားကြပါတယ်။ ယူနိုက်တက်ရဲ့ လက်ရှိစုဖွဲ့မှုအရ သူ့ရဲ့ နောက်တန်းသုံးယောက်ကစားဟန်အတွက်လည်း ပြဿနာမရှိနိုင်ဘူးလို့ ယုံကြည်ထားပါတယ်။
အသက် (၅၇) နှစ်အရွယ် ဂျူဗီနည်းပြဟောင်း အယ်လီဂရီဟာလည်း ယူနိုက်တက်ရဲ့ရေဒါအောက်မှာ ရှိနေခဲ့ပေမဲ့ အသင်းကိုရေရှည်စီမံကိန်းနဲ့ ပြန်လည်တည်ဆောက်ဖို့ဆိုရင် အာမိုရင်က ပိုပြီးသင့်တော်လိမ့်မယ်လို့ အသင်းဘက်ကတွက်ဆပါတယ်။ ပြီးခဲ့တဲ့ရာသီ UCL ဗိုလ်လုပွဲအပြီးမှာ ဒေါ့မွန်နဲ့လမ်းခွဲပြီး အသင်းလက်မဲ့ဖြစ်နေတဲ့ အသက် (၄၁) နှစ်အရွယ် အီဒင်တာဇစ်ရဲ့နာမည်ဟာလည်း ဆွေးနွေးမှုတွေမှာ ပါဝင်လာတတ်ပြီး တူချယ်နဲ့ တခန်းရပ်သွားပြီဆိုတာကိုတော့ အင်္ဂလန်နည်းပြရာထူးကိုလက်ခံလိုက်စဉ်ထဲက သိရှိနိုင်ပါတယ်။
ဘာကာနဲ့ နှစ်ရာသီအပြီးမှာ ပိတ်ကားချခဲ့တဲ့ အသက် (၄၄) နှစ်အရွယ် ဇာဗီနဲ့ပတ်သက်ပြီးတော့ ဆွေးနွေးမှုတွေရှိခဲ့ပေမဲ့ အလေးအနက်ဆိုတဲ့အခြေအနေကိုမရောက်ခဲ့ပဲ ယူနိုက်တက်ရဲ့အလုပ်အမှုဆောင်တွေကလည်း အာမိုရင်မှ အာမိုရင်ဖြစ်နေခဲ့ပါတယ်။ ပြောင်းလဲမှုတွေမစတင်ခင်မှာ အခြေအနေအရပ်ရပ်ကို အစီအစဉ်တကျဖြစ်စေဖို့ကို လိုလားတာဖြစ်တဲ့အတွက် ဒီတခါမှာတော့ ဟိုလူ၊ ဒီလူ နာမည်တွေ၊ သတင်းတွေ ပွထနေတာမျိုးကို အဖြစ်မခံခဲ့တာပါ။
တနင်္လာနေ့နံနက်မှာ တန်ဟက်ကိုအသင်းကနေထုတ်ပယ်ကြောင်းအသိပေးပြီးတဲ့နောက် ချက်ချင်းပဲ ဘယ်ရာဒါနဲ့ အက်ရှ်ဝေါ့သ်တို့ဟာ အာမိုရင်နဲ့ ဆွေးနွေးဖို့ လစ္စဘွန်းကိုပျံသန်းထွက်ခွာလာခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ်လကျော်၊ စက်တင်ဘာ (၁)ရက်နေ့ကတင် သူတို့နှစ်ယောက်ကိုယ်တိုင် တန်ဟက်ရဲ့နောက်ကနေ အပြည့်အဝထောက်ခံရပ်တည်ပါတယ်လို့ အိုးထရက်ဖို့ဒ်မှာ ဂျာနယ်လစ်တွေကို ပြောကြားခဲ့ဖူးတာကြောင့် အခြေအနေကနောက်ကွယ်မှာ နည်းနည်းတော့ ကြောင်တောင်တောင်နိုင်ခဲ့မယ်ထင်ပါတယ်။
ဒီစကားဟာ လီဗာပူးလ်ကို အိမ်ကွင်းမှာ ၃-၀ နဲ့ ရှုံးပြီးတဲ့အချိန်မှာ ထွက်လာခဲ့တာဖြစ်တဲ့အတွက် ဒီပုဂ္ဂိုလ်တွေ စကားများမှားသလားလို့တောင် အသင်းတာဝန်ရှိသူတချို့က ခံစားခဲ့ရတယ်လို့ဆိုပါတယ်။ ဒါပေမဲ့ တဖက်ကပြန်ကြည့်မယ်ဆိုရင်လည်း တန်ဟက်ကို ထိုးကျွေးလိုက်တယ်လို့ ပရိသတ်တွေမမြင်သွားစေလိုတာတကြောင်း၊ သူတို့ကိုယ်တိုင် တန်ဟက်ကိုဒီအဆိုးတွေကနေ ပြန်လာနိုင်ဖို့ ဆန္ဒရှိခဲ့တာတကြောင်း ပါပါလိမ့်မယ်။
နောက်ဆုံးတော့ ဒီရလဒ်တွေကပဲ စကားပြောသွားတာပါ။
ယူနိုက်တက်ရဲ့ အကြီးပိုင်းက တာဝန်ရှိသူတယောက်ဆိုရင် ဒီရှုံးပွဲကို “ကိုယ်ကျိုးကို ဇွန်းတပ်ပြီး နည်းတဲ့ပွဲ” ရယ်လို့တောင် သမုတ်ခဲ့ပါတယ်။ အဲဒီနောက် ဆောက်သမ်တမ်လိုရုန်းကန်နေရတဲ့အသင်းနဲ့ တတိယတန်းလိဂ်က ဘန်စလေတို့ကို နှစ်ပွဲပေါင်း (၁၀) ဂိုးသွင်း၊ ပေးဂိုးမရှိနဲ့ အနိုင်ရခဲ့ပေမဲ့ အဲဒီနောက် တန်ဟက် အထုတ်မခံရခင်ထိ နောက်ဆုံး (၈) ပွဲမှာတော့ နိုင်ပွဲ တပွဲသာ ရှိခဲ့ပါတယ်။ မတ်လ (၁) ရက်နေ့ကနေ စတင်တွက်ချက်မယ်ဆိုရင် ယူနိုက်တက်အနေနဲ့ အမှတ်ပေးပြိုင်ပွဲမှာ (၂၁) ပွဲကစား (၂၇) မှတ်သာ စုဆောင်းထားနိုင်ခဲ့ပါတယ်။ အဲဒီရမှတ်ပမာဏဟာ ခရစ္စတယ်ပဲလေ့စ်၊ ဘရန့်ဖို့ဒ်၊ ဖူလ်ဟမ်တို့နဲ့ တူနေခဲ့ပြီး အဲဗာတန်ထက် (၁) မှတ်သာ၊ ဘုန်းမောက်ထက် (၅) မှတ်တောင်လျော့နေပါသေးတယ်။ > Min Khant Bo Khant: တနင်္ဂနွေနေ့မှာ ဝက်စ်ဟမ်းကိုထပ်ရှုံးပြီးတဲ့နောက် တန်ဟက်နဲ့ ယူနိုက်တက်တို့ လမ်းခွဲဖို့ဖြစ်လာခဲ့ပါတယ်။ ကံဆိုးချင်တယ်လို့ပဲပြောမလား၊ ဒီပွဲမှာ ယူနိုက်တက်မညံ့ခဲ့ပေမဲ့ VAR ရဲ့ အငြင်းပွားဖွယ်ဆုံးဖြတ်ချက်ကလည်း သက်ရောက်မှုရှိခဲ့ပါတယ်။ ဘယ်လိုပဲ ကစားပုံမညံ့ခဲ့ဘူးဆိုသော်ငြား တာဝန်ရှိသူတွေဟာ အဲဒီညမှာလည်း ဖန်တရာတေနေတဲ့ အားနည်းချက်တွေကိုမြင်တွေ့ခဲ့ပါတယ်။ ဥပမာ ကစားသမားတွေက (၄၅) မိနစ်လောက်သာ အသင်းလိုက်ကစားနိုင်ပြီး ကျန်တဲ့ (၄၅) မိနစ်မှာတော့ တယောက်တပေါက် လုပ်ချင်ရာတွေလုပ်နေကြတယ် ဆိုတဲ့ ယူဆချက်မျိုးကိုဆိုလိုတာပါ။
ဒီကိစ္စမှာ ကစားသမားတွေကပိုပြီးတာဝန်ရှိပါတယ်၊ ဒါကို ယူနိုက်တက်တာဝန်ရှိသူတွေကလည်းသိထားပါတယ်။ ဒါပေမဲ့ တချို့သောအချိန်တွေမှာ ကစားသမားတွေကို စိတ်ခွန်အား ပေးနိုင်ဖို့၊ စည်းရုံးနိုင်ဖို့ နည်းပြမှာတာဝန်ရှိတယ်လို့ သူတို့က ကောက်ချက်ချပါတယ်။ တနင်္ဂနွေနေ့ ပွဲသိမ်းခရာအပြီးမှာ တန်ဟက်ဟာ အဝတ်လဲခန်းထဲက ကစားသမားတွေအားလုံးကိုလိုက်ပြီး လက်ဆွဲနှုတ်ဆက်ခဲ့ပါတယ်။ ဖြစ်လာမယ့်အရာတွေကို သူကြိုတင်တွက်ဆနိုင်ခဲ့ပုံပါပဲ။
တန်ဟက်ရဲ့ နောက်ဆုံးအချိန်တွေမှာ ကာရင်တန်မှာရော ပွဲစဉ်တွေမှာပါ သူ့ရဲ့ ဦးဆောင်နိုင်စွမ်းက တဖြည်းဖြည်းကျဆင်းလာတယ်ဆိုတာကို အသင်းနဲ့နီးစပ်သူတွေက ခံစားမိခဲ့ပါတယ်။ ဒါပေမဲ့ တနင်္ဂနွေ ညနေထိ တန်ဟက်ဟာ ဗုဒ္ဓဟူးနေ့မှာကစားရမယ့် လက်စတာနဲ့ပွဲစဉ်အတွက်ပါ ကြိုတင်ပြင်ဆင်နေခဲ့ပါသေးတယ်။
နောက်တနေ့ ဘယ်ရာဒါနဲ့ အက်ရှ်ဝေါ့သ်တို့က သူ့ကိုအလုပ်ကနေထုတ်ပယ်ကြောင်း လာရောက်ပြောကြားခဲ့ချိန်မှာလည်း တန်ဟက်အနေနဲ့ လူကြီးလူကောင်းဆန်စွာတုန့်ပြန်ခဲ့တယ်လို့ဆိုပါတယ်။
လက်ရှိအချိန်မှာတော့ သူ့ရဲ့လက်ထောက်လည်းဖြစ်သလို လူယုံလည်းဖြစ်တဲ့ ရုဒ်ဗန်နစ္စတယ်ရွိုင်းက ယာယီနည်းပြအဖြစ် ဆက်လက်တာဝန်ယူထားပါတယ်။ ဒါကိုလည်း တန်ဟက်ထုတ်ပယ်မခံရခင်ကတည်းက ဖြစ်နိုင်ချေတခုအဖြစ် အသင်းနဲ့ပတ်သက်သူတွေက တွက်ဆထားခဲ့ပြီးဖြစ်ပါတယ်။ တချို့ကဆိုရင် နစ္စတယ်ရွိုင်းအနေနဲ့ ရက္ကလစ်ဖ်ရဲ့ အထင်ကြီးလေးစားမှုကို ရရှိထားပြီးဖြစ်တာကြောင့် ယာယီကနေ အမြဲတမ်းနည်းပြထိ ဖြစ်လာနိုင်တယ်လို့တောင် တွက်ဆထားခဲ့ကြပါတယ်။ သူရောက်ရှိလာစဉ်ကတည်းက သူ့ရဲ့အရှိန်အဝါနဲ့ လွှမ်းမိုးနိုင်မှုဟာ အမြဲတခုတ်တရ ပြောယူရတဲ့ အနေအထားတခုမှာရှိနေခဲ့ပါတယ်။
ဗန်နစ္စတယ်ရွိုင်းဟာ ပရိသတ်ကလက်ခံထားတဲ့ ခန့်အပ်မှုတခုဖြစ်ပါတယ်။ INEOS ကခန့်အပ်တာဆိုပေမဲ့ တန်ဟက်ကလိုလိုလားလား တောင်းဆိုခဲ့လို့သာ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ အသင်းအတွက် ဂိုး (၁၅၀) သွင်းပေးခဲ့တဲ့ ဂန္တဝင်တိုက်စစ်မှူးကြီးဟာ ဒီနောက်ပိုင်းမှာ ပြည်သူ့မေတ္တာကို ပိုပိုတိုးပြီး ခံစားနေရတယ်လို့တောင်ဆိုနိုင်ပါတယ်။ ပေါ်တို၊ အက်စ်တွန်ဗီလာ၊ ဖီနာဘာချီတို့နဲ့ အဝေးကွင်းပွဲစဉ်တွေမှာ ပရိသတ်ဖိအားကို ရှေ့ကနေရင်ဆိုင်ပြတာ၊ ဘရန့်ဖို့ဒ်၊ ဝက်စ်ဟမ်းတို့နဲ့ ပွဲစဉ်တွေမှာ ဒိုင်လူကြီးတွေနဲ့ ဦးဆောင်ပြီးထိပ်တိုက်တွေ့တာအပြင် ကစားသမားတွေကို နည်းစနစ်ပိုင်းနဲ့ပတ်သက်ပြီး တိုးတက်အောင်သင်ပြပေးနိုင်ခြင်းတွေကလည်း အများကြီး စကားပြောပါလိမ့်မယ်။
ယူနိုက်တက်ဘက်က အာမိုရင်ကိုလက်မှတ်ထိုးမယ့် ကိစ္စနဲ့ပတ်သက်ပြီး စာချုပ်ဖျက်သိမ်းကြေးနဲ့ တခြားသောဆွေးနွေးမှုတွေကို အပြီးသတ်နိုင်ဖို့ကြိုးစားဆဲဖြစ်ပါတယ်။ အဲဒီကာလဘယ်လောက်ကြာမယ်ဆိုတဲ့အပေါ် မူတည်ပြီး ဗန်နစ္စတယ်ရွိုင်းအနေနဲ့ လက်စတာပွဲစဉ်အပြင် ချဲလ်ဆီးနဲ့အိမ်ကွင်းပွဲစဉ်၊ PAOK နဲ့ ယူရိုပါလိဂ်ပွဲစဉ်တို့ထိပါ ဆက်လက်တာဝန်ယူသွားရဖို့ရှိနေပါတယ်။
တနေ့ညက လစ္စဘွန်းမှာ နေစီယွန်နယ်ကို ၃-၁ နဲ့အနိုင်ရခဲ့တဲ့ ပေါ်တူဂီလိဂ်ဖလား ကွာတားဖိုင်နယ်ပွဲစဉ်ပြီးပြီးချင်းပဲ အာမိုရင်ဟာ ဥမင်ထဲကို တန်းဝင်သွားခဲ့ပါတယ်။ ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာတော့ တခြားသောကိစ္စတွေမပြီးပြတ်သေးခင်မှာ သူ့အတွေးတွေကို ထုတ်မပြောလိုသေးတဲ့အကြောင်း ရှင်းပြခဲ့ပါတယ်။
“ကျွန်တော်ဆန္ဒရှိတဲ့အရာကို ကျွန်တော်လုပ်မှာပါ၊ ကျွန်တော့်ကစားသမားဘဝတလျှောက်၊ နည်းပြဘဝတလျှောက်မှာ လုပ်ခဲ့သလိုပါပဲ”
အဲဒီပွဲစဉ်မှာ ကွင်းထဲကပရိသတ်တွေရဲ့ ဒေါသအငွေ့အသက်တွေနဲ့ပတ်သက်ပြီးမေးမြန်းရာမှာတော့
“သူတို့ကျွန်တော့်ကိုအများကြီးယုံကြည်ထားတာပါ။ အချစ်ဆိုတာ အမုန်းနဲ့ သိပ်ကိုနီးစပ်တဲ့အရာတခုပါပဲ။” လို့ ဖြေကြားသွားခဲ့ပါတယ်။ > Min Khant Bo Khant: ယူနိုက်တက်ရဲ့ သွင်းဂိုးမှတ်တမ်းကလည်း တန်ဟက်ထုတ်ပယ်ခံရခြင်းမှာ တစိတ်တဒေသ ပါဝင်ခဲ့ပါတယ်။ ၂၀၂၄/၂၅ ပရီးမီးယားလိဂ်ရာသီ (၉) ပွဲကစားအပြီးမှာ (၈) ဂိုးသာသွင်းယူထားနိုင်ပြီး နောက်ဆုံးအကြိမ် ခုလိုမှတ်တမ်းပိုင်ဆိုင်ခဲ့တာဟာ ယူနိုက်တက် နောက်ဆုံးတန်းဆင်းခဲ့ရတဲ့ ၁၉၇၃/၇၄ ရာသီကဖြစ်ပါတယ်။
ဒါပေမဲ့ အခွင့်အရေးဖန်တီးနိုင်မှုကတော့ အထင်ကြီးစရာအနေအထားမှာရှိပါတယ်။ ယူနိုက်တက်အနေနဲ့ ဒီရာသီမှာ ကြီးမားတဲ့အခွင့်အရေး ဖန်တီးမှု (၂၇) ကြိမ်ရှိခဲ့ပြီး (၂၂) ကြိမ်လွဲချော်ခဲ့ပါတယ်။ ဒီလွဲချော်မှုအကြိမ်ရေဟာ ပရီးမီးယားလိဂ်မှာ (တော့တင်ဟမ်ဟော့စပါး နဲ့အတူ) အများဆုံးပါပဲ။
တန်ဟက်အနေနဲ့ သူ့ရဲ့ ပထမရာသီဝက်မှာပဲ ခရစ္စတီယာနိုရော်နယ်ဒိုကို လက်လွှတ်ခဲ့ပါတယ်။ အဲဒီနောက် ပြီးခဲ့တဲ့နွေရာသီမှာလည်း အန်သိုနီမာစီရယ်ကို ထပ်မံလက်လွှတ်ခဲ့ပြီး အစားထိုးအနေနဲ့ ဟွိုက်လန်းနဲ့ ဇာ့ခ်ဇီးတို့လို လူငယ်တိုက်စစ်မှူးတွေကို ခေါ်ယူအားဖြည့်ခဲ့ပါတယ်။ ဒီကစားသမားလေးတွေဟာ ယူနိုက်တက်ကိုမရောက်ခင် သူတို့ရဲ့အကောင်းဆုံးစရာသီအသီးသီးမှာ (၉) ဂိုးနဲ့ (၁၁) ဂိုးစီသာ သွင်းယူထားနိုင်ခဲ့တာပါ။ ဒီခေါ်ယူမှု (၂) ခုလုံးမှာ တန်ဟက်ရဲ့ သဘောဆန္ဒလည်းပါဝင်ခဲ့ပေမဲ့ ပထမရာသီမှာရော ဒုတိယရာသီမှာရော ဒီလူငယ်တွေအတွက် ဖိအားကိုမျှဝေယူပေးဖို့ ပရီးမီးယားလိဂ် အတွေ့အကြုံရှိ တိုက်စစ်မှူးတယောက်ကိုလည်း လိုချင်ခဲ့ပါတယ်။
အရင်ရာသီက စပါးစ်တိုက်စစ်မှူး ဟာရီကိန်းဟာ ယူနိုက်တက်ရဲ့အဓိကပစ်မှတ်ဖြစ်ခဲ့ပေမဲ့ သူ့အနေနဲ့ ဘိုင်ယန်မြူးနစ်ကိုသာ ရွေးချယ်သွားခဲ့ပါတယ်။ ၂၀၂၄ မှာတော့ တန်ဟက်အနေနဲ့ ယူနိုက်တက်ကစားသမားဟောင်း ဒန်နီဝဲလ်ဘက်ဟာ အင်မတန်အကျိုးရှိတဲ့ အားဖြည့်မှုတခုဖြစ်လိမ့်မယ်လို့ ယူဆထားခဲ့ပါတယ်။ မာစီရယ်ကိုလက်လွှတ်ဖို့ သေချာသွားတဲ့အချိန်၊ ပြီးခဲ့တဲ့ရာသီကုန်ခါနီးကာလမှာ အသင်းတွင်းတာဝန်ရှိသူတွေဟာ ဝဲလ်ဘက်ကို ကမ်းလှမ်းဖို့ အလေးအနက်ထားပြီးဆွေးနွေးခဲ့ကြပါသေးတယ်။
ဝဲလ်ဘက်ဟာ မန်ချက်စတာသားစစ်စစ်ဖြစ်ပြီး အသက် (၁၁) နှစ်မှာ ယူနိုက်တက်အကယ်ဒမီကိုရောက်ရှိခဲ့ပြီး ၂၀၁၄ နွေရာသီမှာ အာဆင်နယ်ကိုမပြောင်းရွှေ့ခင်အထိ အသင်းအတွက် (၁၄၂) ပွဲ ကစားပေးခဲ့ပါတယ်။ ဒါကြောင့် သူ့ကိုပြန်လည်ခေါ်ယူခြင်းဟာ သာမန်အပြောင်းအရွှေ့ထက်ပိုတဲ့ တကျော့ပြန်လာခြင်းမျိုး ဖြစ်သွားခဲ့နိုင်ပါတယ်။
တန်ဟက်အနေနဲ့ ဒီအပြောင်းအရွှေ့ကို တော်တော်လေးအားတက်သရောရှိခဲ့တာကတော့ သူ့ရဲ့ အိုးထရက်ဖို့ဒ်မှာ ကစားခဲ့ရတဲ့ ပထမဆုံးပွဲစဉ်မှာ စတင်ခဲ့ပါတယ်။ ၂၀၂၂ ဩဂုတ်လမှာ ဂရေဟမ်ပေါ်တာရဲ့ ဘရိုက်တန်ဟာ ယူနိုက်တက်ကို ၂-၁ နဲ့အနိုင်ရရှိခဲ့ပြီး ဝဲလ်ဘက်အနေနဲ့ ပါစကယ်ဂရော့စ်ရဲ့ သွင်းဂိုးကို ဖန်တီးပေးနိုင်ခဲ့သလို တပွဲလုံးမှာလည်း ယူနိုက်တက် ခံစစ်တန်းကို ဒုက္ခပေးနိုင်ခဲ့ပါတယ်။ အဲဒီနောက် ၂၀၂၃ စက်တင်ဘာ၊ အိုးထရက်ဖို့ဒ်မှာပဲ ယူနိုက်တက်ကို ၃-၁ နဲ့ထပ်မံအနိုင်ရခဲ့ရာမှာ အဖွင့်ဂိုးကို ဝဲလ်ဘက်ကပဲ သွင်းယူခဲ့တာဖြစ်ပါတယ်။
ယူနိုက်တက်က သူ့ကိုခေါ်ယူဖို့ဆွေးနွေးတဲ့အချိန်မှာ သူ့အသက်ဟာ (၃၃) နှစ်အရွယ်ရှိနေပါပြီ။ ဒါပေမဲ့ ဘရိုက်တန်မှာလည်းစာချုပ်သက်တမ်းက ကုန်ဆုံးတော့မှာဖြစ်လို့ သူ့ကိုခေါ်ယူမယ်ဆိုရင် ပြောင်းရွှေ့ကြေးတစုံတရာ ကုန်ကျမှာမဟုတ်ပဲ အလွတ်နဲ့ ရရှိနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် အထူးသဖြင့် သူ့ရဲ့ ပရီးမီးယားလိဂ်အတွေ့အကြုံတွေဟာ အဝတ်လဲခန်းအတွက် ကောင်းမွန်တဲ့သက်ရောက်မှုတွေ ပေးနိုင်လိမ့်မယ်လို့ အသင်းဘက်ကရှုမြင်ထားပါတယ်။ ဘရိုက်တန်မှာဆိုရင်လည်း ဝဲလ်ဘက်ဟာ အားကစားသမားကောင်းပီသသူအဖြစ် သတ်မှတ်ခံထားရပြီး ရုပ်ပိုင်းဆိုင်ရာ ဆေးစစ်ချက်တွေမှာ သူကအမြဲ အကောင်းဆုံးမှတ်တမ်းတွေကို ပိုင်ဆိုင်ထားတဲ့ကစားသမားတယောက်ဖြစ်ပါတယ်။
ဒါပေမဲ့ ဝဲလ်ဘက်ရဲ့အိမ်ပြန်ခရီးဟာ တကယ်ဖြစ်မလာခဲ့ပါဘူး။ တန်ဟက်ရဲ့အနာဂတ်မရေရာမှုကိုအကြောင်းခံပြီး ယူနိုက်တက်ဘက်ကနေ သူ့စိတ်ကြိုက်ကစားသမားတယောက်ကို ခေါ်ယူပေးဖို့ကို တွေဝေနေခဲ့ပါတယ်။ ဒီလိုနဲ့ တန်ဟက်ကိုဗဟိုပြုပြီး တည်ဆောက်မယ့် အသင်းရဲ့ပုံစံသစ်ဟာ စနစ်တကျမရှိခဲ့တာကြောင့် ကစားသမားအင်အားဖြည့်တင်းမှုအပိုင်းကို သက်ရောက်မှုရှိသွားစေခဲ့ပုံပါပဲ။
ဘရိုက်တန်က ဝဲလ်ဘက်ကို ဝက်ဖို့ဒ်ကနေ ခေါ်ယူခဲ့စဉ် ဘရိုက်တန်ရဲ့ နည်းစနစ်ဒါရိုက်တာဟာ အက်ရှ်ဝေါ့သ် (လက်ရှိယူနိုက်တက်အားကစားဒါရိုက်တာ) ပဲဖြစ်ခဲ့ပြီး ဒီအပြောင်းအရွှေ့ကိုဦးဆောင်ခဲ့သူလည်းဖြစ်ပါတယ်။ ဒါပေမဲ့ ယူနိုက်တက်က ဝဲလ်ဘက်ကို ခေါ်ယူဖို့ကြိုးပမ်းမယ့်ကာလမှာတော့ သူ့အနေနဲ့ နယူးကာဆယ်မှာ အလုပ်တွေမပြီးပြတ်သေးတာကြောင့် ပါဝင်ပတ်သက်ခွင့်မရခဲ့ပါဘူး။
ပြီးခဲ့တဲ့နွေရာသီမှာ သူ့ကို ယူနိုက်တက်ကစိတ်ဝင်စားမှုတွေ ပြသခဲ့ပေမဲ့ ဇန်နဝါရီအပြောင်းအရွှေ့ကာလအပြီးမှာ ဝဲလ်ဘက်ဟာ ဘရိုက်တန်နဲ့ပဲ နှစ်နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုက်ပါတယ်။ ယူနိုက်တက်က သူ့ကိုပစ်မှတ်ထားခဲ့ခြင်းဟာ မှားယွင်းတဲ့ဆုံးဖြတ်ချက်မဟုတ်ဘူးဆိုတာကို ဒီရာသီပရီးမီးယားလိဂ် (၉) ပွဲမှာ ယူနိုက်တက်ကိုသွင်းယူခဲ့တဲ့ဂိုးအပါအဝင် (၆) ဂိုးသွင်းယူပြီး သက်သေပြထားပါတယ်။ > Min Khant Bo Khant: ယူနိုက်တက်ရဲ့ လူအင်အားဖြည့်တင်းမှုတွေမှာ တန်ဟက်ရဲ့သဘောဆန္ဒကလည်း ကြီးမားတဲ့သက်ရောက်မှုရှိပါတယ်။ ဒီနွေမှာဆိုရင် သူ့ရဲ့နေရာ မတည်မငြိမ်ဖြစ်နေခဲ့တာတောင် အေဂျက်ဇ်မှာတုန်းက တပည့်ဟောင်းတွေဖြစ်တဲ့ ဒီလစ်နဲ့ မက်ဇ်ရာဝီတို့ကို အသင်းက ထပ်မံခေါ်ယူပေးခဲ့ပါတယ်။ အခုဆိုရင် အန်တိုနီ၊ လီဆန်ဒရိုမာတီနက်ဇ်၊ အိုနာနာတို့နဲ့အတူ သူ့ရဲ့အေဂျက်ဇ်တပည့်ဟောင်း ငါးယောက်ထိ ယူနိုက်တက်ကိုရောက်ရှိနေပါပြီ။
ဒီကိန်းဂဏန်းဟာ ခုထက်တောင် များသွားနိုင်တဲ့အခြေအနေတွေရှိခဲ့ပါတယ်။ ၂၀၂၃ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ဘိုင်ယန်ကွင်းလယ်လူ (ယခင်အေဂျက်ဇ်) ဂရာဗန်ဘာ့ချ်ကို ခေါ်ယူဖို့ ဆက်သွယ်ခဲ့တာမျိုးတွေရှိပါတယ်။ ဒါပေမဲ့ ဘိုင်ယန်က ဂရာဗန်ဘာ့ချ်ကို ရောင်းထုတ်ဖို့ ဆန္ဒမရှိခဲ့တာကြောင့် ယူနိုက်တက်က ရာသီကုန်မှာ မေဆန်မောင့်ကိုသာ ခေါ်ယူဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီရာသီကုန်မှာ တူချယ်ထွက်ခွာသွားပြီးတဲ့နောက် ရာသီသစ်မှာ ဂရာဗန်ဘာ့ချ်လည်း နေရာပျောက်လာတဲ့အချိန်မှာ လီဗာပူးလ်က သန်း (၄၀) တည်းနဲ့ အပြီးသတ်ခေါ်ယူသွားခဲ့ပါတယ်။ ယူနိုက်တက်အနေနဲ့ မေဆန်မောင့်အတွက် မနည်းတဲ့ပမာဏတခုကို အသုံးပြုထားခဲ့ပြီးဖြစ်တာကြောင့် အဲဒီအချိန်မှာ ဂရာဗန်ဘာ့ချ်ကို ထပ်မံခေါ်ယူဖို့ ဖြစ်နိုင်ချေအတော်လေးနည်းပါးသွားခဲ့ရတာပါ။ ဒါ့အပြင် လီဆန်ဒရိုမာတီနက်ဇ်ကို မခေါ်ယူခင်ကတည်းကလည်း လက်ရှိအာဆင်နယ်နောက်ခံလူ ဂျူရီယန်တင်ဘာကို ကြိုးပမ်းခဲ့ဖူးပါသေးတယ်။
သူ့နည်းစနစ်တွေနဲ့ အံဝင်ပြီးသား တပည့်ဟောင်းတွေကိုသာ ခေါ်ယူဖို့ကြိုးစားနေခဲ့ရင်း ပြောင်းလဲမှုအတွက် အချိန်စောင့်ပေးဖို့ ထပ်မံတောင်းဆိုခဲ့ခြင်းကလည်း တန်ဟက်ရဲ့ မဟာဗျူဟာတွေကို အသင်းက ယုံကြည်မှုကျဆင်းခဲ့ရတဲ့ အကြောင်းတရားတခုဖြစ်နိုင်ပါတယ်။
ဒါ့အပြင် ဒီဂျောင်ကိုခေါ်ယူဖို့ ၂၀၂၂ မှာ ငြင်းပယ်ခံရပြီးနောက်ပိုင်း သူ့အသင်းရဲ့ DNA ကိုပြီးပြည့်စုံစေမယ့် နံပါတ် (၆) နေရာ ကစားသမားတယောက် ကို သူထွက်ခွာသွားချိန်ထိ မရရှိခဲ့ပါဘူး။ ခိုင်လုံတဲ့သတင်းတွေအရ ယူနိုက်တက်က ဒီဂျောင်ကိုဆွဲဆောင်နိုင်ဖို့ အသင်းဂန္တဝင်တွေနဲ့အတူ သူ့ကို Video တပုဒ်ထဲမှာ တွဲပြီး ပို့ပေးခဲ့ဖူးပေမဲ့ သူက အဲဒီဗီဒီယိုကို ကြည့်တောင်မကြည့်ခဲ့ပါဘူး။
အသင်းတွင်း တာဝန်ရှိသူတွေကြားမှာ အမြဲဒွိဟဖြစ်ရတဲ့အကြောင်းအရာတခုကတော့ ယူနိုက်တက်ကခေါ်ယူလိုက်တဲ့ ကစားသမားတိုင်းဟာ ပရီးမီးယားလိဂ်နဲ့ အံဝင်ခွင်ကျဖြစ်နိုင်ရဲ့လားဆိုတာပါပဲ။ အသင်းကို လွန်ခဲ့တဲ့ (၁၁) နှစ်က နောက်ဆုံး အမှတ်ပေးဖလားရယူပေးခဲ့တဲ့ ဆာအဲလက်စ်ကိုယ်တိုင် ယူနိုက်တက်ကခေါ်ယူနေတဲ့ ကစားသမားတွေဟာ လိုအပ်တဲ့အဆင့်အတန်းတခုမှာ ရှိမနေဘူးလို့ နီးစပ်ရာမိတ်ဆွေတွေကို ဖွင့်ဟခဲ့ဖူးပါတယ်။
တန်ဟက်နဲ့ပတ်သက်ပြီး အဲ့ဒီလိုခံစားခဲ့ရတဲ့ထဲမှာ အသင်းက ကစားသမားတချို့လည်း ပါဝင်ခဲ့ပါတယ်။
ဒါနဲ့ပတ်သက်ပြီး အကြီးမားဆုံး သာဓက ကတော့ ရော်နယ်ဒိုပဲဖြစ်ပါလိမ့်မယ်။ တန်ဟက်ကတော့ ရော်နယ်ဒိုက ပရော်ဖက်ရှင်နယ်မဆန်ပဲ သူ့ရဲ့ အတင်းဝင် အတင်းလုနည်းစနစ်နဲ့ ထရိန်နင်တွေမှာ လေ့ကျင့်ရေးကွင်းကနေ ထွက်ခွာသွားခဲ့တယ် ဆိုတဲ့အချက်ကိုသာ ထာဝရဆုပ်ကိုင်ထားဦးမှာဖြစ်ပါတယ်။ နောက်ပိုင်း ဆန်ချိုကိစ္စပွဲဆူနေစဉ်ကာလမှာ ကာစီမီရိုနဲ့ ဗာရန်းတို့လည်း အလားတူခံစားခဲ့ရတယ်လို့ဆိုပါတယ်။
အချိုရည်ကုန်သွားတဲ့ ပီကေလို သဘောထားခံခဲ့ရတဲ့ ဒေးဗစ်ဒီဂီယာကလည်း တန်ဟက်သတင်း တက်တက်လာချင်းမှာ ရွဲ့ခြင်း၊ ခနဲ့ခြင်း အဓိပ္ပာယ်ရတဲ့ “🤌” အီမိုဂျီတခုတည်းကို X မှာ ပို့စ်တင်ခဲ့ပါတယ်။
အဆုံးမှာတော့ အဝတ်လဲခန်းဟာ အဆိပ်အတောက်ဆန်နေခဲ့တယ်လို့လည်း ပြောလို့မရပြန်ပါဘူး။ တချို့သောပွဲစဉ်တွေမှာ ကစားသမားတွေပြသခဲ့တဲ့ စိတ်ဓာတ်ကိုကြည့်မယ်ဆိုရင် သူတို့ကြားက စည်းလုံးမှုကိုမြင်တွေ့နိုင်ပါတယ်။ တန်ဟက်ကလည်း မီဒီယာမှာထက်စာရင် ကစားသမားတွေအပေါ် ပိုပြီး နူးညံ့တဲ့ပုံစံမှာရှိပါတယ်။ ဒါပေမဲ့ ကစားသမားအများစုကတော့ တန်ဟက်ရဲ့ခေတ်ကုန်ခါနီးပြီဆိုတာ ခံစားမိနေခဲ့ပြီးဖြစ်ပါတယ်။ အထူးသဖြင့် နစ္စတယ်ရွိုင်းရဲ့ လွှမ်းမိုးနိုင်မှုက တဖြည်းဖြည်းပိုမိုကြီးမားလာခဲ့တဲ့အချိန်မှာပေါ့။
ဒါပေမဲ့ သူ့အုပ်ချုပ်မှုအောက်မှာ ဂါနာချို၊ မိုင်နူးတို့လို ကစားသမားလေးတွေအရောင်ထွက်လာခဲ့တာကတော့ အမှန်တရားပါပဲ။ တချို့သောကစားသမားတွေနဲ့ ဆက်ဆံရေးအဖုအထစ်တွေရှိခဲ့ပေမဲ့လည်း ယူနိုက်တက်လိုမီဒီယာဖိအားများတဲ့အသင်းမှာ အပြောအဆိုမမှားဖို့ ထိန်းသိမ်းရတာ လွယ်ကူတဲ့ကိစ္စတော့မဟုတ်ခဲ့ပါဘူး။
တန်ဟက်အနေနဲ့ သူ့ရဲ့နောက်ဆုံးရာသီမှာ ပိုမိုပျော့ပျောင်းစွာကိုင်တွယ်နိုင်ဖို့ကြိုးစားခဲ့ပေမဲ့လည်း ကာရင်တန်မှာ နံရံကြီးကာဖို့လုပ်လိုက်တဲ့အချိန်မှာတော့ အနည်းငယ် ထပ်ပြီး ပွဲဆူခဲ့ပြန်ပါတယ်။ အဲဒီနံရံကြီး တည်ဆောက်နေတဲ့ကာလမှာ ယူနိုက်တက်အသင်းအနေနဲ့ ပရိသတ်တွေအမြဲရှိနေတဲ့ U-13 ကနေ U-18 အကယ်ဒမီကွင်းတွေမှာ ထရိန်နင်သွားဆင်းရပါတယ်။ အဲဒါနဲ့ပတ်သက်တဲ့ အားသာချက်၊ အားနည်းချက်တွေကိုလည်း တန်ဟက်က လေ့လာခဲ့ပါတယ်။ ဒါပေမဲ့ အဲရစ်နံရံကြီး လို့ ကာရင်တန်ကလူတွေ ခေါ်ကြတဲ့ ယူရို ၂၀၀,၀၀၀ တန် နံရံကြီးဟာ မယောင်ရာဆီလူးတဲ့ကိစ္စလို့ အများစုက ထင်မြင်ခဲ့ကြပြီး အထူးသဖြင့် ယူနိုက်တက်ရဲ့ ဝန်ထမ်းလျှော့ချတဲ့ကာလတွေမှာ အသံတွေပိုမိုကျယ်လောင်ခဲ့ပါတယ်။ > Min Khant Bo Khant: စပါးစ်ကို အိမ်ကွင်းမှာ ၃-၀ နဲ့ရှုံးတဲ့ ပွဲစဉ်အပြီး ယူနိုက်တက်ရဲ့ အမှုဆောင်အရာရှိတွေဟာ ဒါရိုက်တာရုံးခန်းမှာ စုဝေးပြီး တခုခုမှားနေပြီဆိုတဲ့အကြောင်းကို အလေးအနက်ထားဆွေးနွေးခဲ့ပါတယ်။
အဲဒီနေ့ဟာ တန်ဟက် အူဂါတေးကိုပထမဆုံးပွဲထွက်ခွင့်ပေးခဲ့တဲ့နေ့လည်းဖြစ်ပါတယ်။ ဒါပေမဲ့ သုံးမိနစ်အတွင်းမှာပဲ စပါးနောက်ခံလူ ဗန်ဒီဗန်က သူအပါအဝင် ကွင်းတဝက်လောက်ကို ကျော်ပြေးပြီး ပထမဦးဆောင်ဂိုးကိုဖန်တီးပေးသွားခဲ့ပါတယ်။ အဲဒီပွဲစဉ်ဟာ အူဂါတေးအတွက်တော့ အဖွင့်မလှခဲ့ပဲ ၇၂ မိနစ်မှာ လူစားလဲကာ နောက်နှစ်ပွဲဆက်တိုက် အရန်ခုံမှာထိုင်ခဲ့ရပါတယ်။
တန်ဟက်ကတော့ အူဂါတေးအနေနဲ့ အသင်းလိုက်ကစားနိုင်ဖို့သင်ယူသင့်တယ်လို့ ဆိုပြီး သူ့ကို တယောက်ချင်းရင်ဆိုင်တဲ့ပုံစံထက် ဇုန်အလိုက်ကစားနိုင်တဲ့ ကစားသမားတယောက်အဖြစ် ပြောင်းလဲပေးဖို့ နည်းပြအဖွဲ့ဝင်တွေနဲ့အတူ ကြိုးပမ်းခဲ့ကြပါတယ်။ အဲဒီပွဲစဉ်မှာ နေရာယူပုံလိုအပ်ချက်ရှိခဲ့တာက ကစားသမားကိုယ်တိုင်ပဲဖြစ်ပေမဲ့ ဒီလိုကစားသမားအသစ်စက်စက်ကို အရေးပါတဲ့ ပွဲစဉ်တပွဲမှာ ချက်ချင်း ချသုံးခဲ့တဲ့ နည်းပြမှာလည်း တစိတ်တပိုင်းတာဝန်ရှိပါတယ်။
ကစားနေရင်းနဲ့ပဲ အသားကျလာမှာပါလို့ တန်ဟက်ကပြောပေမဲ့ အူဂါတေးအနေနဲ့ပွဲချိန်မဖြစ်စလောက်သာ ရရှိခဲ့တာပါ။ ၁၉ ရက်နေ့က ဘရန့်ဖို့ဒ်နဲ့ပွဲစဉ်မှာ (၂) မိနစ်ဝင်ကစားပြီး ကြားရက် ဖီနာဘာချီနဲ့ပွဲစဉ်မှာ ပွဲထွက်ခွင့်ရခဲ့ပါတယ်။ အဲဒီနောက် ဝက်စ်ဟမ်းနဲ့ပွဲစဉ်မှာ ထပ်ပျောက်သွားပြန်ပါတယ်။ သူ့အစား အသက် (၃၂) နှစ်အရွယ်ကိုယ်စီရှိနေကြပြီဖြစ်တဲ့ ကာစီမီရိုနဲ့ အဲရစ်ဆင်တို့သာ ပွဲထွက်လာခဲ့ပြီး သူကတော့ အရန်ခုံကနေတောင် မထခဲ့ရပါဘူး။
အဲဒီကစားသမားနှစ်ယောက်လုံးဟာ ဒီနွေမှာ အသင်းကထွက်ခွာတော့မယ့်ကစားသမားတွေဖြစ်ပြီး အူဂါတေးကတော့ ကောင်းမွန်တဲ့ခေါ်ယူမှုအဖြစ် သတ်မှတ်ခြင်းခံထားရသူဖြစ်ပါတယ်။ ဒါပေမဲ့ တန်ဟက်ကတော့ တရာသီအငှားလာကစားတဲ့ အမ်ရာဘတ်ကိုသာ ပြန်တမ်းတနေခဲ့ပါတယ်။ ပြီးတော့ အရင်ရာသီက သွင်းဂိုး (၁၀) ဂိုးကျော်ခဲ့တဲ့ ကစားသမားလေးယောက်ထဲက တယောက်ဖြစ်တဲ့ တော်မနေးကိုလည်း တန်ဟက်က အသင်းမှာဆက်ထားချင်ခဲ့ပါတယ်။ ဒါပေမဲ့ တော်မနေးကိုရောင်းလိုက်ရတာကနေ အူဂါတေးကိုခေါ်ဖို့ဖြစ်လာခဲ့ပြီး အမ်ရာဘတ်အိပ်မက်လည်း ပိုမိုဝေးကွာသွားခဲ့ရတာဖြစ်ပါတယ်၊။
ဒီလစ်နဲ့ မာတီနက်ဇ်ကိုထားခဲ့ပြီး ဗီလာနဲ့ကန်ဖို့ မဂွိုင်းယားနဲ့ အဲဗန်စ်ကို ခေါ်သွားခဲ့တဲ့ တန်ဟက်ရဲ့ဆုံးဖြတ်ချက်ကိုလည်း တချို့ကစားသမားတွေက အသင်းကိုထိုးကျွေးပြီး သူ့ထိုင်ခုံကိုကယ်တော့မယ်လို့ တွေးထင်ခဲ့ကြတဲ့ထိပါပဲ။ ဒါပေမဲ့ အဲဗန်စ်နဲ့ မဂွိုင်းယားတို့ရဲ့ ခံစစ်အတွဲဟာ တချို့သောပွဲစဉ်တွေမှာ ဒီရာသီယူနိုက်တက်ရဲ့အကောင်းဆုံးခံစစ်ကစားဟန်တွေကို ပြသခဲ့ပါတယ်။
ကပ္ပတိန် ကွင်းလယ်ဗိုလ်ချုပ်ကြီး ဘရူနိုဖာနန်ဒက်ဇ်ကတော့ ဘယ်တော့မှခန့်မှန်းလို့မရနိုင်တဲ့လူစားမျိုးလို့ဆိုရမှာပါ။ သူ့မှာ ထူးချွန်မှုနဲ့ မထီမဲ့မြင်မှု နှစ်မျိုးလုံးကို မျှတစွာတွေ့မြင်နိုင်ပါတယ်။ တန်ဟက်ကတော့ ဘရူနိုကို သူ့ရဲ့အားအကိုးရဆုံး တပ်ကြပ်ကြီးတယောက်အဖြစ် သတ်မှတ်ထားပါတယ်။
တန်ဟက်ရင်ဆိုင်ခဲ့ရတဲ့အကြီးမားဆုံးပြဿနာတွေထဲမှာ ဘယ်နောက်ခံလူနေရာကလည်း တခုအပါအဝင်ပါပဲ။ လုခ်ရှောဒဏ်ရာရသွားချိန်မှာ မာလာစီယာကလည်းနားနေရတာကြောင့် တန်ဟက်တယောက် အတော်လေးကိုအခက်တွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ ယူနိုက်တက်မှာ လေးရာသီလောက်ရှိနေခဲ့ပြီး စီနီယာပွဲစဉ်တပွဲမှ ကစားခွင့်မရသေးတဲ့ အသက် (၂၁) နှစ်အရွယ် စပိန်လူငယ်ဘယ်နောက်ခံကစားသမား အယ်ဗာရိုဖာနန်ဒက်ဇ်ကို နွေရာသီမှာ လက်လွှတ်ခဲ့ပါတယ်။ အခုတော့ အယ်ဗာရိုတယောက် ဘန်ဖီကာမှာ ချန်ပီယံလိဂ်ကစားနေရပါပြီ။
လက်ရှိအချိန်မှာ ယူနိုက်တက်ရဲ့ ဒဏ်ရာရလူစာရင်းဟာ ပြီးခဲ့တဲ့မေလလောက် ဆိုးရွားမနေခဲ့ပါဘူး။ ဒါပေမဲ့ FA Cup က သူ့ကိုအသက်ဆက်ပေးခဲ့ပြီး သူ့အနေနဲ့ဒီအစုအဖွဲ့ကို ဆက်လက်ဦးဆောင်နိုင်လိမ့်မယ်ဆိုတဲ့ တာဝန်ရှိသူတွေရဲ့ ယုံကြည်မှုကို ရရှိသွားခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ကောလဟလတွေအရ ဒီဗိုလ်လုပွဲမတိုင်ခင်ထဲက စီးတီးအနေနဲ့ သူတို့ဘတ်စ်ကားတွေမှာ “Double, Double” (ဖလားနှစ်လုံး) ဆိုတဲ့စာသားတွေနဲ့ အောင်ပွဲခံထွက်ဖို့ပြင်ဆင်ထားခဲ့ပြီးဖြစ်တယ်လို့ဆိုပါတယ်။ အဓိပ္ပါယ်ကတော့ FA ဖလားကိုမယူတော့ဘူး Treble မယူဘူးဆိုတဲ့ ပုံစံမျိုးပါပဲ။ ဒါပေမဲ့ စီးတီးဘက်ကတော့ ဒါကိုအခြေအမြစ်မရှိဘူးလို့ဆိုပါတယ်။
၂၀၂၂-၂၃ ကာရာဘောင်ဖလားနဲ့ အရင်ရာသီက FA ဖလားကတော့ သဘောထားကြီးမားလွန်းသူကြီး၊ လူကြီးလူကောင်း ပီသလွန်းသူကြီး တန်ဟက်ရဲ့ ထာဝရအပိုင်ဖြစ်နေမှာပါပဲ။ ယူနိုက်တက်တို့ ခြောက်နှစ်အတွင်း ပထမဆုံး ပြန်ရခဲ့တဲ့ဖလားလေးတွေအဖြစ်ပေါ့။ ဒါပေမဲ့ အရင်ရာသီက အဆင့် (၈)၊ လက်ရှိမှာ အဆင့် (၁၄) ရောက်နေတဲ့ အခြေအနေကိုတော့ ရက္ကလစ်ဖ်ရော ယူနိုက်တက်ကပါ ဘယ်သောအခါမှ လက်သင့်ခံပေးနိုင်မှာမဟုတ်ပါဘူး။
The Athletic ဆောင်းပါးရှင် Laurie Whitwell နဲ့ Adam Crafton တို့ရဲ့
“Inside Manchester United’s pursuit of Ruben Amorim and Erik ten Hag’s exit as manager” ဆောင်းပါးကို အစအဆုံး ဆီလျော်အောင် ဘာသာပြန်တင်ဆက်ပေးထားတာဖြစ်ပါတယ်။





