အဲရစ်တန်ဟက်ဂ် အသက်ပြင်းကြောင်း၊ မန်ယူနိုက်တက် အသက်ပြင်းကြောင်း ပြသခဲ့တဲ့ ပွဲ ဖြစ်ပါတယ်။ နောက်ပိုင်းပွဲတွေထဲမှာ အားရဖို့ကောင်းတဲ့ ပွဲတစ်ပွဲ ဖြစ်ခဲ့ပြီး ပရိသတ်တွေ အလိုရှိနေတဲ့ ဟန်တစ်ခု မဟုတ်ရင်တောင် အဆိပ်ရှိတဲ့ ကစားပုံကိုတော့ ပြသနိုင်ခဲ့ပါတယ်။ ဘရန့်ဖို့ဒ်က ကစားရခက်တဲ့ အသင်းဖြစ်ပေမဲ့ ယူနိုက်တက်တို့ အခွင့်အရေးတွေ အများကြီးရအောင် ကစားနိုင်ခဲ့တယ်။ ကိုယ့်ဘက်က ပြန်ပေးရတဲ့ အခွင့်အရေးလည်း ပြောပလောက်အောင် မရှိခဲ့ဘူး။ ဒါကြောင့် အခက်အခဲတွေ၊ ဖိအားတွေကြားထဲမှာ ကျေနပ်ရမယ့်နိုင်ပွဲတစ်ပွဲလို့ ဆိုရပါလိမ့်မယ်။ ရေရှည်အမြင်အားဖြင့် ပြောရခက်ပေမဲ့ ရေတိုအနေနဲ့ဆိုရင် ဒီနိုင်ပွဲက အားကောင်းခဲ့ပါတယ်။
ထုံးစံအတိုင်း ယူနိုက်တက်အတွက် ပွဲက မလွယ်ကူခဲ့ပါဘူး။ ပွဲအစပိုင်းမှာ သိသိသာသာ ရုန်းကန်ခဲ့ရတယ်။ မိနစ် ၂၀ နောက်ပိုင်းမှ အသက်ရှူချောင်လာခဲ့ပြီး အဲဒီကနေ မိနစ် ၄၀ အတွင်းမှာ ယူနိုက်တက်တို့ရဲ့ ကစားပုံ ကောင်းခဲ့တယ်။ လျင်မြန်တဲ့ Transition တွေက အခရာကျခဲ့ပြီး ကျစ်လျစ်တဲ့ ဘရန့်ဖို့ဒ်ခံစစ်ကို အကြိမ်ကြိမ် ထိုးခွဲနိုင်ခဲ့တယ်။ ယူနိုက်တက်ဟာ ကစားကွက်မိနေတဲ့အချိန်မှာ အနီးကပ်တွဲလုံးတွေ အားပါခဲ့ပြီး နောက်ပေါက်နဲ့ ချိတ်ပေးတာလေးတွေက အသည်းယားစရာ ကောင်းခဲ့တယ်။ ဟွိုက်လန်းရဲ့ ရွေ့လျားကစားပုံကြောင့် လွတ်ကွက်တွေလည်း အများကြီး ပေါ်ခဲ့တယ်။ ဒါပေမဲ့ ဂါနာချိုက ဆုံးဖြတ်ချက်ရော အဆုံးသတ်ပုံပါ အားနည်းခဲ့ပါတယ်။ ဟွိုက်လန်း ကွင်းလယ်က လှည့်ထွက်ပြီး ချပေးတဲ့အကြိမ်ဆို အခွင့်အရေးကောင်း ဖြစ်ခဲ့တယ်။ ဒါပေမဲ့ ဘရန့်ဖို့ဒ်ဂိုးသမား ဖလက်ကန် ကာကွယ်သွားတယ်။
ဒီပွဲမှာ ထူးခြားတာက ရပ်ရှ်ဖို့ဒ်ကို ညာတောင်ပံ ပို့ထားတာဖြစ်ပြီး ပုံမှန်အားဖြင့် ရပ်ရှ်ဖို့ဒ်ဟာ ညာတောင်ပံမှာ ခြေစွမ်းပြလေ့မရှိပါဘူး။ အဲဒီကစားပုံကို ရပ်ရှ်ဖို့ဒ် ကစားတတ်ပေမဲ့၊ သူ့မှာ Capacity ရှိပေမဲ့ ဂိုးသွင်းချင်စိတ်၊ သက်သောင့်သက်သာနဲ့ စိတ်တိုင်းကျကစားလိုစိတ်တွေကြောင့် ရပ်ရှ်ဖို့ဒ် ပျော်ရွှင်အားပါစွာ ကစားဖို့ ခက်ခဲ့တယ်။ ဂါနာချိုရဲ့ ညာတောင်ပံကစားပုံက ပိုအသက်ဝင်တယ်။ ဒါပေမဲ့ ဒီပွဲမှာ တန်ဟက်ဂ်က ရပ်ရှ်ဖို့ဒ် ညာ၊ ဂါနာချို ဘယ် ပုံစံ သုံးခဲ့ပြီး အောင်မြင်ခဲ့ပါတယ်။ ဂါနာချိုက ဗန်ဒန်ဘာ့ဂ်ကို အကြိမ်ကြိမ် ဒုက္ခပေးခဲ့သလို၊ ရပ်ရှ်ဖို့ဒ်ကလည်း ညာတောင်ပံမှာ Traditional winger တစ်ယောက်လို ကစားခဲ့တယ်။ Supportive play ကို ရပ်ရှ်ဖို့ဒ် ကစားခဲ့တယ်။ ဖြတ်တင်ဘောတွေ ဆက်တိုက်ထွက်ပြီး နဂိုကတည်းကမှ Ball striking technique ကောင်းတဲ့ ရပ်ရှ်ဖို့ဒ်ဆီက ဘောလုံးတွေဟာ မှန်ကန်တဲ့ အမြန်နှုန်းတွေနဲ့ တဝီဝီ ထွက်လာပါတယ်။ ဒါကြောင့် ယူနိုက်တက်ဟာ တိုက်စစ် ၃ ဦးစလုံး အွန်လိုင်းဖြစ်နေခဲ့ပြီး ဒီ Battle ကို ကောင်းကောင်း နွှဲနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ ယူနိုက်တက်ရဲ့ပြဿနာက ပွဲကို Control လုပ်နိုင်ခြင်း မရှိတာပါ။ ပွဲကို ပေးပို့မှု၊ ချုပ်ကိုင်မှုတွေနဲ့ မထိန်းထားနိုင်သလို၊ အခွင့်အရေးကောင်းတွေ ရတုန်းမှာလည်း အပြတ်ဖြတ် ဂိုးသွင်းထားနိုင်ခြင်း မရှိဘူး။ ဒါကြောင့် တန်ပြန်တုံ့ပြန်မှုတွေနဲ့ ရင်ဆိုင်ရပြီး ဂိုးပေးပေးလိုက်ရတာပါပဲ။ ဒီပွဲမှာလည်း အဲဒီဖက်ရှင် ဆက်ဖြစ်တယ်။ ကံဆိုးတယ်လို့လည်း ပြောနိုင်ပါတယ်။ ပထမပိုင်းရဲ့ နောက်ဆုံးမိနစ်ရောက်မှ ဂိုးပေးလိုက်ရတာ ဖြစ်ပါတယ်။ ဒီဂိုးမတိုင်ခင် မိနစ် ၃၀ လောက်ကတည်းက ခေါင်းထိပြီး သွေးထွက်နေတဲ့ ဒီလစ်ဟာ ပထမပိုင်း ပြီးခါနီးအထိ သွေးထွက်နေဆဲပါ။ ဒီဒဏ်ရာကို ကုသဖို့ ကွင်းဘေးထွက်နေချိန် ဘရန့်ဖို့ဒ်က လိမ္မာပါးနပ်စွာ ဂိုးသွင်းယူခဲ့တာ ဖြစ်တယ်။ ဒီလစ် ရှိနေလည်း ဂိုးပေးရနိုင်တယ်ဆိုပေမဲ့၊ ဒီလစ်ဟာ အခုကစားနေတဲ့ အသင်းထဲမှာတော့ အကောင်းဆုံး Aerial defender တစ်ယောက် ဖြစ်နေပါတယ်။
တကယ်တော့ ယူနိုက်တက်ဆေးအဖွဲ့ဟာ ဒီလစ်ရဲ့ဒဏ်ရာကို မှန်ကန်စွာ Assessment လုပ်နိုင်၊ ကုသနိုင်ခဲ့သင့်တာပါ။ လုပ်ထုံးလုပ်နည်းတွေအရ သွေးထွက်နေတဲ့ ကစားသမားဟာ ကုသမှု ခံယူမှကို ရတယ်။ ကွင်းထဲပြန်ဝင်ဖို့မှာလည်း ဒိုင် ကျေနပ်လောက်တဲ့ အနေအထားရမှ၊ ဒိုင် ခွင့်ပြုမှ ဝင်ခွင့် ရှိပါတယ်။ ကုသရာမှာ သွေးတိတ်အောင်လုပ်တဲ့ ကုထုံးတွေ၊ ပတ်တီးစည်းတာတွေ လုပ်ရတယ်။ ကစားသမားဟာ သွေးထွက်နေလက်စနဲ့ ပွဲထဲ ပြန်ဝင်ခွင့် မရှိပါဘူး။ ဆိုတော့ ဆေးအဖွဲ့အနေနဲ့ ဒီလစ်ကို သွေးထပ်မထွက်အောင် မကုနိုင်လို့ (သို့) ဒဏ်ရာအတိမ်အနက်ကို မှန်ကန်စွာ Assess မလုပ်နိုင်လို့ အခုလိုမျိုး အကြိမ်ကြိမ် ဘေးထွက် ကုသခဲ့ရတာ ဖြစ်တယ်။ တကယ်တော့ ဒိုင်ကလည်း အခုထက်ပိုပြီး Commanding ဖြစ်သင့်ပြီး ပွဲအခြေအနေအလိုက် ကိုင်တွယ်နိုင်ခဲ့သင့်တယ်။ ကံဆိုးချင်တော့ ထောင့်ကန်ဘော ရချိန်မှ တည့်တည့်ကြီး ဘေးထွက်ကုလိုက်ရတယ်။ ဘရန့်ဖို့ဒ်ကလည်း တိကျလိုက်တာမှ . . . အံကိုက် ဂိုးသွင်းပြသွားပါတော့တယ်။ ဒီဂိုးမှာ ဒါလိုရဲ့ လူကပ်ပုံ အားနည်းချက် ရှိတာကိုလည်း မြင်ရတယ်။
ယူနိုက်တက်အနေနဲ့ ပထမပိုင်းကို ရှုံးပြီး သိမ်းလိုက်ရတော့ Heart ကော့သွားတယ်။ ခံသာသွားတာက ဒုတိယပိုင်းစလို့ ဘယ်လောက်မှ မကြာသေးခင်မှာပဲ ချေပဂိုး ရခဲ့တာပါ။ ချေပဂိုးက တော်တော်လေးလှပြီး ရပ်ရှ်ဖို့ဒ်ရဲ့ ဖြတ်တင်ဘော၊ ဂါနာချိုရဲ့ အဆုံးသတ်ပုံတို့ဟာ စွဲမက်ဖွယ်အတိ ပြီးခဲ့တယ်။ ရပ်ရှ်ဖို့ဒ်က ဒီဘရိုင်းနား ပေးသလို ဖြတ်တင်ဘောမျိုး လုပ်ပြသွားတယ် ပြောရမယ်။ အကြိမ်ကြိမ် လွဲနေတဲ့ ဂါနာချိုလည်း ဒီတစ်ကြိမ်မှာတော့ အကောင်းဆုံး အဆုံးသတ်ခဲ့တယ်။ ဒီဂိုး ဖြစ်တည်လာခြင်းမှာ ရှေ့က ဟွိုက်လန်း၊ ရပ်ရှ်ဖို့ဒ်တို့ ဘရန့်ဖို့ဒ်ခံစစ်ကို လှုပ်လှုပ်ခတ်ခတ်ဖြစ်အောင် တိုးထားနိုင်တာကြောင့်လည်း ပါပါတယ်။ ရုတ်တရက် အရှိန်အဟုန်မြှင့် ထိုးနှက်တတ်တဲ့ ယူနိုက်တက်က အထလေးတဲ့ ဘရန့်ဖို့ဒ်ကို ဒုက္ခပေးနိုင်ခဲ့ပါတယ်။
ဒါက ဒီတစ်ပွဲလုံး ယူနိုက်တက်သုံးသွားတဲ့ ဗျူဟာလို့လည်း ပြောနိုင်တယ်။ နှစ်ချက် သုံးချက်လောက်ပဲ လူပေးပြီး တိုက်စစ်ဧရိယာကို ရောက်အောင် ယူနိုက်တက်တို့ စီမံနိုင်ခဲ့တယ်။ ရှည်လျားတဲ့ Build-up ပုံစံ သိပ်မတွေ့ရဘူး။ ဒီပုံစံက ယူနိုက်တက်နဲ့ လိုက်ပါတယ်။ Chaotic ဖြစ်ခြင်းက ယူနိုက်တက်နဲ့ လိုက်တယ်။ Control အတွက် ယူနိုက်တက် လုပ်ရမှာ အများကြီး ကျန်သေးတယ်။ ဆိုတော့ မထိန်းချုပ်နိုင်တဲ့အတူတူ ပေါက်ကွဲပစ်လိုက်၊ ဝုန်းဒိုင်းကြဲပစ်လိုက်တာက ပိုမိုကောင်းမွန်တဲ့ ရွေးချယ်မှု ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ဒီပွဲမှာ ပေါက်ကွဲအားအမျိုးမျိုးနဲ့ ဘရန့်ဖို့ဒ်ကို တိုးလို့ပေါက်ခဲ့တယ်။
အထူးချီးကျူးရမှာတော့ ဟွိုက်လန်းပါ။ သူ့ရဲ့ ပေါက်ကွဲအားက ယူနိုက်တက်တိုက်စစ်ကို မီးစာဖြည့်ပေးခဲ့တာပဲ။ ဟွိုက်လန်းက Traditional No.9 မဟုတ်သလို၊ Technical False 9 လည်း မဟုတ်ဘူး။ Hold-up play, Link play တွေ ကစားနိုင်ပေမဲ့ သူကစားတဲ့ပုံစံက False 9 နဲ့ အလှမ်းဝေးတယ်။ ဘော်ဒီခုထားပြီး ဘောလုံးကိုင်၊ ပြီးရင် လှည့်ပြေးရင် ပြေး၊ မဟုတ်လည်း ခပ်မြန်မြန် လူပေးလိုက်တာပဲဆိုတဲ့ ပုံစံကို သူ့ဆီမှာ တွေ့ရတယ်။ ဇစ်ခ်ဇေးနဲ့ ယှဉ်လိုက်ရင် သိသာတယ်။ ဇစ်ခ်ဇေးက အချိန်ယူတယ်၊ နောက်ပြန်လှည့်တတ်တယ်။ ဟွိုက်လန်းက မြန်တယ်၊ ရှေ့ဘက်ကို ပိုသွားတယ်။ ယူနိုက်တက်ရဲ့ Quick transition အသားပေးပုံစံမှာတော့ ဟွိုက်လန်းက ကြွရွနေတယ်။ ပခုံးနဲ့ လူကာတဲ့ပုံစံ၊ ဂိုးသွင်းသွားတဲ့ ပုံစံတွေကတော့ နစ္စတယ်ရွိုင်းရဲ့ အကြံပေးချက်တွေလားလို့ ထင်ရလောက်ပါတယ်။
ဟွိုက်လန်းတစ်ယောက် အားပါပါ မွှေနှောက်နေရင်းနဲ့ အနိုင်ဂိုးသွင်းဖို့ အခွင့်အရေး ရလာခဲ့တာပါ။ ဘရူနိုရဲ့ နောက်ပေါက်နဲ့ လမ်းကြောင်းပြောင်းပေးပို့မှုကနေ ဟွိုက်လန်း လွတ်သွားပြီး ဂိုးသမားကို အသာအယာ ကျော်ထည့်လိုက်တာဖြစ်ပါတယ်။ သွေးအေးတည်ငြိမ်တဲ့ သပ်ရပ်တဲ့ ဂိုးတစ်ဂိုး ဖြစ်ပါတယ်။ ဘရူနိုကလည်း တစ်ပွဲလုံး ဘာတွေ လုပ်နေမှန်းသာ မသိတာ၊ ဒီလိုအခြေအနေမှာတော့ သူ့ရဲ့ Vision က အံကိုက် ဖြစ်ခဲ့တယ်။ ဒီဂိုးနောက်ပိုင်းမှာလည်း ယူနိုက်တက်တို့ အခွင့်အရေးတွေ ထပ်ရပါသေးတယ်။ ဒါပေမဲ့ ထုံးစံအတိုင်း Decision making, Execution တွေမှာ လိုအပ်ချက်များလို့ ဂိုးထပ်မရခဲ့ဘူး။ ပေးစရာ လူနှစ်ယောက်ရှိရင် အခွင့်အရေး နည်းတဲ့သူဆီ ပေးဖြစ်အောင် ပေးတယ်။ ကန်ဖို့ မလွယ်တဲ့ အခြေအနေအထိ ဆွဲပြေးပြီး ကန်ဖြစ်အောင် ကန်တယ်။ စိတ်မနှစ်ထားတဲ့ အက်ရှင် (သို့မဟုတ်) ဖြစ်ကတတ်ဆန်း လုပ်လိုက်တဲ့ အက်ရှင်တွေ အများကြီး ရှိနေသေးတယ်။ ဒါတွေက သေးသေးလေးတွေပေမဲ့ တကယ်တော့ ဒီပွဲကို နိုင်သွားခဲ့လို့ပါ။ တကယ်လို့ အရှုံး (သို့) သရေဆို ဒါတွေက ပြစ်ချက် ဖြစ်လာပါလိမ့်မယ်။
ဘာပဲဖြစ်ဖြစ် ယူနိုက်တက်က တစ်ဦးချင်းအားနဲ့ ပွဲတွေကို ကျော်ဖြတ်နိုင်စွမ်း ရှိတာတော့ အမှန်ပါပဲ။ ဒီပွဲလိုမျိုး Super direct attack ပုံစံ ပွဲတိုင်းကစားနိုင်မယ်ဆိုရင် တော်တော်ကြောက်ဖို့ကောင်းတယ်။ ကွင်းလယ်မှာ ကက်စီမီရိုနေရာ အူဂါတေ ဝင်လာမယ်၊ ဘရူနိုလည်း ပုံမှန်ခြေစွမ်း ပြန်ရမယ်၊ တိုက်စစ် ၃ ယောက်ကလည်း အခုနေရာချပုံအတိုင်းမှာ ခြေစွမ်းထိန်းထားနိုင်မယ်ဆိုရင် မျှော်လင့်နိုင်စွမ်း ရှိပါတယ်။ ဒါပေမဲ့ ပရိသတ်တွေ လိုချင်တဲ့ အဆင့်မြင့်မြင့် ထိန်းချုပ်ကစားပုံတော့ ရမှာ မဟုတ်ဘူး။ လက်ရှိမှာတော့ နိုင်ပွဲ အသည်းအသန် လိုအပ်နေတာကြောင့် ဒီနိုင်ပွဲက အရေးပါပါတယ်။ အပေါင်းလက္ခဏာတွေ အများကြီး မြင်ခဲ့ရတယ်။ ဒါပေမဲ့ သင်ခန်းစာယူဖို့ လိုအပ်တာက ရှေ့ပွဲတွေတုန်းကလို မဖြစ်ဖို့ပါ။ အခုလို နိုင်ပွဲတွေ ရှေ့မှာတုန်းက ဖူလ်ဟမ်၊ ဆောက်သမ်တန် စသဖြင့် ရခဲ့ဖူးပါတယ်။ အဲဒီပွဲတွေမှာ ပေါ်ခဲ့တဲ့ အပေါင်းလက္ခဏာတွေကို ယူနိုက်တက်ဟာ နောက်ပွဲတွေဆီ မသယ်ဆောင်နိုင်ခဲ့ပါဘူး။ ဒါပေမဲ့ မကောင်းတဲ့အရာတွေဆိုရင် ပွဲစဉ်ရက်ဆက် သယ်ဆောင်တဲ့ အကျင့် ရှိပါတယ်။ ရေရှည်လမ်းကြောင်းကို မလျှောက်နိုင်သေးရင်တောင် ရေတိုနိုင်ပွဲတွေကို အပေါင်းလက္ခဏာ စုဆောင်းသယ်ယူတဲ့အကျင့်နဲ့ ထိန်းကြောင်းသယ်ဆောင်သွားဖို့ လိုအပ်ပါလိမ့်မယ်။
Subscribe





