ယူနိုက်တက်ကို ချစ်မြတ်နိူးနေဆဲပါ ဟု ပြောသည်။ နောက်တခါထပ်ပြီးလည်း အသင်းကို ချစ်ကြောင်း ပြောပြန်သည်။ ယူနိုက်တက်၏ အခြေနေများနှင့် ပတ်သက်ပြီးလည်း FIVEUK မှာ စိတ်ဝင်စားစရာ ဖြေကြားခဲ့သည့် ရော်နယ်ဒို၏ လက်ရှိယူနိုက်တက် အသင်းအပေါ် သုံးသပ်ချက် ကို ယခု အင်တာဗျူးမှတဆင့် တွေ့မြင်ရမည်ဖြစ်သည်။
“ကျွန်တော်ယူနိုက်တက်ကို နောက်တကြိမ်ပြန်ရောက်တော့လည်း ပျော်ပါတယ်။ ပထမရာသီမှာတင် ကျွန်တော့်အသက် က 37 နှစ် ရှိနေပြီ။ ဒါပေမယ့် ကျွန်တော်ဂိုးတွေသွင်းခဲ့တယ်။ လိဂ်ရဲ့ တတိယဂိုးသွင်းအများဆုံး ဖြစ်ခဲ့တယ်။ ဝင်ကစားသမျှ ချန်ပီယံလိဂ်အုပ်စုပွဲတိုင်း ဂိုးသွင်းခဲ့တယ်။ ပရီးမီးယားလိဂ်မှာတင် 17ဂိုး 18ဂိုး အဲ့လောက်သွင်းနိုင်ခဲ့တာကို ဂုဏ်ယူပါတယ်။
လက်ရှိယူနိုက်တက်က အရာရာကို အစက ပြန်တည်ဆောက်ရမှာ။ နည်းပြကနေ ‘အမှတ်ပေးဖလား စိန်မခေါ်နိုင်ပါဘူး။ ချန်ပီယံလ်ဂ်စိန်မခေါ်နိုင်ပါဘူး’ တွေ ထုတ်ပြောနေတာမျိုးကျ အဆင်မပြေဘူးလေ။
ယူနိုက်တက်နည်းပြဆိုတာ ကျွန်တော်တို့အမှတ်ပေးဖလား စိန်မခေါ်နိုင်ပါဘူး၊ ချန်ပီယံလိဂ်ဝင်ဖို့တောင် မလွယ်ပါဘူးတွေ ပြောနေရမယ့် အနေအထား မဟုတ်ပါဘူး။ ယုံကြည်ရမယ်။ လုပ်နိုင်ရမယ်။ စိတ်ပိုင်းဆိုင်ရာ ကို အကောင်းဆုံးတည်ဆောက်ရမယ်။ ဖြစ်ဖို့ ခက်ခဲနေရင်တောင် မဖြစ်နိုင်ဘူးလို့တော့ မပြောနဲ့ဗျာ။ ကိုယ့်ဖက်က အကောင်းဆုံးဖြစ်အောင် ကြိုးစားကို ကြိုးစားပြရမှာပဲ။
ယူနိုက်တက်က ကမ္ဘာ့အကောင်းဆုံး အသင်းတွေထဲတော့ ပါနေဆဲပါပဲ။ ဒါပေမယ့်ပြောင်းလဲမှုတွေ လုပ်ရတော့မယ်ဆိုတာ သူတို့လည်း နားလည်တယ်။ ပြန်အောင်မြင်မှုရဖို့ ဒီတစ်နည်းပဲရှိတယ်။ ဒါကြောင့် သူတို့လည်း အုပ်ချုပ်သူတွေလဲတယ်။ Structure ပြောင်းတယ်။ ကွင်းတွင်းကွင်းပြင် အဆောက်အအုံတွေ စသဖြင့် အပြောင်းအလဲတွေ စ လုပ်နေတာသိရတယ်။
ပိုင်ရှင်သစ်တွေက လေ့ကျင့်ရေးကွင်းကို အသစ် တည်ဆောက်ပေးမယ်ဆိုတော့ ကျွန်တော်အရမ်းပျော်တယ်။ ဘာလို့လဲဆိုတော့ တချိန်က ဒီအချက်ကို ကျွန်တော် လုံးဝ အားမရခဲ့လို့လေ။ သိတဲ့အတိုင်းပဲ ကျွန်တော်တို့ဘဝတွေမှာ တချို့အရာတွေကို ထိန်းချုပ်လို့ မရနိုင်ဘူးမလား။ ပြီးခဲ့တာတွေက ပြီးခဲ့ပါပြီ။
အခုတော့ ယူနိုက်တက်ရဲ့ အနာဂတ်က တောက်ပနေပြီလို့ ကျွန်တော်ယုံကြည်တယ်။ အောင်မြင်မှုက လူတစု၊ အသင်းသားတချို့ ပေါ်မှာပဲ မူတည်တာ မဟုတ်ဘူး။ အားလုံးနဲ့ဆိုင်တယ်။ အဓိပ္ပါယ်တွေအများကြီး နက်ရှိုင်းတယ်။ ကစားသမားတွေမှ မဟုတ်ဘူး၊ အသင်းရဲ့နောက်ကွယ်က သက်ဆိုင်သူ အစုအဖွဲ့အားလုံးအပေါ် မူတည်နေပါတယ်။
အောက်ခြေကနေ စပြီး မပြင်ဆင်ရင် ဘာကိုမှ အမြင့်တနေရာမှာ ယှဥ်ပြိုင်နိုင်မှာမဟုတ်ဘူး။ ဒီတိုင်းနေရင်းလည်း သူတို့ ဖလားတချို့ရကောင်းရနိုင်တယ်။ ကာရာဘောင်းတွေ ဘာတွေရမယ်ဗျာ။ ဒါပေမယ့် ကျွန်တော်ဆိုလိုတာက ချန်ပီယံလိဂ်တို့၊ ပရီးမီးယားလိဂ်တို့လို ဆုဖလားကြီးတွေရဖို့တော့ ခက်ခဲနေဦးမှာပဲ။ အားလုံးပြင်မှကို ဒါတွေက မျှော်လင့်နိုင်မှာ။ ကျွန်တော်ပြောခဲ့တာတွေ မှားဖို့ ကျွန်တော် ဆုတောင်းတယ်နော်။ တကယ်ပြောတာ။ဒါပေမယ့် ခက်ခဲနေတာတော့ အမှန်ပါပဲ။
တန်ဟက်က နစ္စတယ်ရွိုင်းအကြံပြုတာတွေကို နားစွင့်သင့်ပါတယ်။ ရုဒ်က ဒီအသင်းအကြောင်း၊ ပရိသတ်တွေအကြောင်း ဂဃနဏ သိပြီးသားသူ ဖြစ်လို့ သူ့ဆီက အကြံဉာဏ်တွေက အထောက်အကူပြုလိမ့်မယ်။
တကယ်နားလည်တဲ့သူတွေဆီကနေ အထောက်အပံ့ကို ယူကိုယူရမှာ။ ခင်ဗျားလား၊ (မေးမြန်းသူ ဖာဒီနန်ကို ဆိုလို)၊ စခိုးလ်လား၊ ဂယ်ရီနဗီးလ်လား၊ ရွိုင်ကိန်းလား၊ တစ်ဦးတည်းနဲ့တော့ မရနိုင်ဘူး။ ဆာအဲလက်စ်ဖာဂူဆန်တောင်မှ တစ်ယောက်တည်း ရုံးခန်းထဲထိုင်နေရုံနဲ့ ကလပ်အသင်းတစ်သင်းကို အစအဆုံး ပြန်တည်ဆောက်ဖို့ မဖြစ်နိုင်ပါဘူး။ ဒါကို သူတို့ နားလည်ရပါမယ်။”
Kendrix
Subscribe





